မင်းကင်းတွင် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ၎င်းတို့၏ ရေယာဉ်များကို ဇကာအုပ်၍ ခံစစ်ပြင်ဆင်လာ
- Horizons News

- 1 hour ago
- 1 min read
မင်းကင်း ၊ ဇူလိုင် ၁၈ ၊ Horizons

မင်းကင်းမြို့နယ်အတွင်း အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ၎င်းတို့၏ ရေယာဉ်များကို ဒရုန်းရန်မှကာကွယ်ရန် ဇကာများအုပ်ကာ ခံစစ်ပြင်ဆင်လာကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများမှာ စစ်ကောင်စီတပ်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။
လတ်တလော ပျံ့နှံ့လာသည့် မှတ်တမ်းပုံများအရ စစ်ကောင်စီရေယာဉ်များအားလုံးနီးပါးတွင် အသေခံဒရုန်းရန်မှ ကာကွယ်နိုင်ရန် ဇကာများ တပ်ဆင်အုပ်မိုးထားသည်ကို တွေ့ရသည်။ အဆိုပါ ဇကာအုပ်သည့်နည်းစနစ်ကို ရုရှား-ယူကရိန်း စစ်ပွဲတွင်လည်း အသေခံဒရုန်းရန်မှ ကာကွယ်ရန် အသုံးပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ သင်္ဘောအုပ်စုသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက် ညပိုင်းက ဖောင်းပြင်မြို့တွင် ရပ်နားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြသည်။
၎င်းသင်္ဘောအုပ်စုသည် ဟုမ္မလင်းမြို့သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ရန် ဆက်လက်ထွက်ခွာမည်ဟု ယူဆရသည်။ သို့သော် ဖောင်းပြင်မြို့သို့ မရောက်မီကပင် သင်္ဘောအုပ်စုထဲမှ အနည်းဆုံး ရေယာဉ်တစ်စီး နစ်မြုပ်သွားခဲ့ပြီး ယင်းသို့ နစ်မြုပ်မှုမှာ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များဘက်က ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီတပ်သည် မြစ်ကြောင်းတစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု ရှိ၊ မရှိကို ကင်းထောက်ဒရုန်းများဖြင့် ဦးစွာစေလွှတ် စစ်ဆေးလေ့ရှိပြီး လှုပ်ရှားမှုရှိပါက လေကြောင်းပစ်ကူများဖြင့် လမ်းကြောင်းရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အသေခံဒရုန်းများ အသုံးပြု၍ စစ်ကောင်စီ၏ ပစ်မှတ်များကို အောင်မြင်စွာ တိုက်ခိုက်နေလျက်ရှိပြီး ယခင်ကလည်း ဗန်းမော်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်များကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
( Photo - TNISO )



Comments