မင်းပြားတွင် ရေပြန်ကျသော်လည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃၀ ခန့် မြစ်ထဲမျောပါ၊ နောက်ထပ် အိမ်ခြေ ၆၀ ကျော် ထပ်မံပြိုကျရန် စိုးရိမ်နေရ
- Horizons News

- 3 days ago
- 1 min read
မင်းပြား ၊ ဇူလိုင် ၁၅ ၊ Horizons

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့တွင် လေးရက်ဆက်တိုက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီးနောက် လက်ရှိ၌ ရေပြန်ကျသွားပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်အချို့တွင် မြစ်ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် နေအိမ်နှင့် ဆိုင်ခန်းပေါင်း ၃၀ နီးပါး မြစ်ထဲသို့ မျောပါပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ရေပြန်ကျချိန်မှစတင်ကာ ယခုကဲ့သို့ ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြစ်ထဲသို့ တိုက်ရိုက်မျောပါဆုံးရှုံးခဲ့ရသည့် အိမ်ခြေစာရင်းများမှာလမ်းမတော်ရပ်ကွက် - နေအိမ် ၇ လုံး ၊ ရွှေပြည်စိုးရပ်ကွက် - နေအိမ် ၈ လုံး ၊ ဦးစောတန်းရပ်ကွက် - နေအိမ်နှင့် ဆိုင်ခန်း ၁၂ ခန်း တို့ဖြစ်သည်။
အဆိုပါ နေအိမ်များသည် ရေဘေးရှောင်နေရစဉ်အတွင်း ကမ်းပါးနှင့်အတူ ပြိုကျသွားခြင်းဖြစ်သဖြင့် ပြည်သူများမှာ အိမ်တွင်းပစ္စည်း တစ်စုံတစ်ရာမျှ သယ်ဆောင်ချိန်မရလိုက်ဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ကျန်ရစ်ခဲ့ကာ မြေကွက်များပါ ရေထဲပါသွားခြင်းဖြစ်ကြောင်း သိရသည်။
"ရေက မနေ့ကစပြီး အကုန်ကျသွားလို့ ပြည်သူ ၉၀ ရာခိုင်နှုန်းလောက် အိမ်ပြန်ကြပြီ။ ဒါပေမဲ့ ကမ်းပါးပြိုတဲ့အထဲ ပါသွားတဲ့သူတွေကတော့ ဘာမှယူချိန်မရလိုက်ဘူး။ မြေပါမကျန်တော့တာ။ မြို့ပေါ်ရပ်ကွက်တွေဆိုတော့ ပေ ၂၀၊ ပေ ၃၀ ပတ်လည်ကို သိန်းခြောက်ရာလောက်တန်တယ်။ အခုလို အလုံးလိုက်မျောသွားတော့ ဘယ်လိုပြန်ထူထောင်ရမှန်းကို မသိတော့ဘူး။ ပရဟိတအဖွဲ့တွေလည်း တစ်ဖွဲ့မှ ရောက်မလာသေးဘူး" ဟု မင်းပြားဒေသခံတစ်ဦးက ပြောပြသည်။
လက်ရှိတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သော်လည်း ကမ်းပါးပြိုမှုအန္တရာယ်မှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့ကြောင့် ဦးစောတန်းရပ်ကွက်မှ အိမ်ခြေ ၂၀၊ လမ်းမတော်ရပ်ကွက်မှ အိမ်ခြေ ၃၀ နှင့် ရွှေပြည်စိုးရပ်ကွက်မှ အိမ်ခြေ ၁၀ လုံး (စုစုပေါင်း အိမ်ခြေ ၆၀ ကျော်) မှာလည်း ထပ်မံပြိုကျနိုင်သည့် ကမ်းပါးအစွန်းတွင် ရောက်ရှိနေသဖြင့် ဒေသခံများက အထူးစိုးရိမ်နေကြရသည်။
မင်းပြားဒေသရှိ ရေဘေးသင့်ပြည်သူများကို အာရက္ခတပ်တော် (AA) က စားနပ်ရိက္ခာအချို့ ကူညီပံ့ပိုးပေးနေသော်လည်း နေအိမ်အလုံးစုံ ဆုံးရှုံးသွားသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲကြီးစွာ ကြုံတွေ့နေကြရသည်။
ထို့ပြင် ရေကြီးမှု နောက်ဆက်တွဲအဖြစ် သောက်သုံးရေတွင်းနှင့် ရေကန်များ ပျက်စီးသွားသဖြင့် သောက်သုံးရေသန့်ရရှိရန် ခက်ခဲနေပြီး ဒေသခံအချို့မှာ မိုးရေကိုသာ ကျိုချက်သောက်သုံးနေရကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ မှတ်တမ်းများအရ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ် ၇ မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်မှ ၁၃ ရက်နေ့အထိ ရေကြီးမှုများကြောင့် နေအိမ်ထောင်နှင့်ချီ နစ်မြုပ်ခဲ့ကာ ဒေသခံ တစ်သိန်းဝန်းကျင် ရေဘေးသင့်ခဲ့ပြီး အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
( ဓာတ်ပုံ - ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ကမ်းပါးပြိုကျမှုနဲ့အတူ မျောပါသွားသည့် နေအိမ်တချို့ကို ဇွန်လ ၁၃ ရက်က မြင်တွေ့ရစဉ်။ ( Zay Yar Lin/Facebook ) )



Comments