မင်းပြားမြို့တွင် ရေပြန်ကျသွားပြီးနောက် ULA/AA နှင့် ဒေသခံများပူးပေါင်းကာ ရွှံ့နှင့် အမှိုက်များ ရှင်းလင်းရေး ဆောင်ရွက်
- Horizons News

- 3 days ago
- 1 min read
မင်းပြား ၊ ဇူလိုင် ၁၅ ၊ Horizons

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်များအတွင်း တင်ကျန်ရစ်သည့် ရွှံ့နွံများနှင့် အမှိုက်များကို သန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေများပြန်လည်ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် လမ်းမများပေါ်ရှိ ရွှံ့နွံများ၊ ရေစီးနှင့်အတူ မျောပါလာသည့် အမှိုက်သရိုက်များနှင့် ပိတ်ဆို့နေသော ရေမြောင်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မင်းပြားမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရာမောင်မြစ်ရေ မြင့်တက်လာကာ ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေကြီးမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါးနှင့် ရာမောင်မြစ်ကမ်းဘေးရှိ ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ရပြီး ဒေသခံပြည်သူများသည် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ယာယီရွှေ့ပြောင်း ခိုလှုံခဲ့ကြရသည်။
လက်ရှိတွင် ရေပြန်ကျသွားသော်လည်း ကျေးရွာများရှိ အဓိက သောက်သုံးရေကန်များနှင့် ရေတွင်းများအတွင်းသို့ မြစ်ရေနှင့် ရွှံ့နွံများ ဝင်ရောက်သွားသဖြင့် သောက်သုံးရေ အခက်အခဲနှင့် ဆက်လက်ကြုံတွေ့နေရသည်။ ထို့ပြင် ရေကျပြီးနောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါများနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားလာနိုင်ခြေ မြင့်တက်လျက်ရှိကြောင်း သိရသည်။
ရေကြီးနေစဉ်ကာလအတွင်း ULA/AA နှင့် ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများက ပိတ်မိနေသူများကို လှေများဖြင့် သွားရောက်ကယ်ထုတ်ခြင်းနှင့် အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
သို့သော် ရေဘေးသင့်ပြည်သူများအနေဖြင့် ပုံမှန်လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိရန် အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာစသည့် အကူအညီများ အရေးပေါ် ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

















Comments