မင်းအောင်လှိုင်ကို ဘုရင်မျိုးရိုးဟု မြှောက်ပင့်ခဲ့သည့် ဒေါက်တာဖေဉာဏ် အသတ်ခံရမှု တရားခံမမိသေး၍ ဌာနပေါင်းစုံပါဝင်သော စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း
- Horizons News

- Jul 11
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၁ ၊ Horizons

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား ကုန်းဘောင်အနွယ်ဝင် ဘုရင်မျိုးရိုးဟု မြှောက်ပင့်ပြောဆိုလေ့ရှိသူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုဖြစ်စဉ်တွင် သီတင်းတစ်ပတ်ကျော်ကြာသည်အထိ တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် မှုခင်းရဲတပ်ဖွဲ့ (CID)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) နှင့် စစ်တပ်တို့ပါဝင်သော ဌာနပေါင်းစုံ ပူးပေါင်းစုံစမ်းရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နေရကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရသည်။
အာဏာရှင်ဟောင်းများဖြစ်ကြသည့် ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ အပါအဝင် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းများ၏ အဓိက ကိုးကွယ်ရာ ဗေဒင်ယတြာ အခါတော်ပေးတစ်ဦးဖြစ်သူ ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းရှိ ၎င်းသီတင်းသုံးရာ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အသတ်ခံခဲ့ရခြင်းဖြစ်သည်။
သေဆုံးချိန်တွင် အသက် ၇၅ နှစ်၊ ရဟန်းဝါ ၁၅ ဝါ ရှိပြီဖြစ်ကာ စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများအတွက် ကပ်ကျော်၊ ဘေးကျော် ၄၅ ပေအမြင့်ရှိ ထိုင်တော်မူဘုရားကြီးတစ်ဆူ သွန်းလုပ်နေစဉ် ယခုကဲ့သို့ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
"အမှုက သဲလွန်စယူတာ၊ စုံစမ်းဖော်ထုတ်တာတွေမှာ တိုးတက်မှုတချို့ရှိပေမယ့် တရားခံကိုတော့ ဖော်ထုတ်လို့ မရသေးပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီး လုပ်ကြံခံရတာမျိုးတော့ မဟုတ်ဘဲ စနစ်တကျ ကြိုတင်ကြံစည်ပြီး အသတ်ခံရတာမျိုး ဖြစ်ပါတယ်။ ဆရာတော်က တပ်ရော အရပ်ဘက်ကပါ ကိုးကွယ်တာဖြစ်တော့ အခုလို CID ၊ ထွေ/အုပ်နဲ့ တပ်မတော်ထောက်လှမ်းရေးတွေပါဝင်တဲ့ ဌာနပေါင်းစုံ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းထားတာပါ" ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ရတစ်ဦးဖြစ်သူ ဒေါက်တာဖေဉာဏ်သည် နအဖခေတ်မှစ၍ ဗေဒင်၊ ယတြာ၊ နက္ခတ်ပညာရှင်အဖြစ် ကူးပြောင်းကာ မှော်ဘီတွင် ဘုန်းတော်ကြီးကျောင်း ထူထောင်ခဲ့သူဖြစ်သည်။
၎င်းသည် လက်ရှိအချိန်အထိလည်း စစ်ကောင်စီနှင့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းများအတွက် ယတြာနှင့် ဗေဒင်တွက်ချက်မှုများကို စီမံပေးနေဆဲဖြစ်ကာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မင်းအောင်လှိုင်အား ဘုန်းတန်ခိုးကြီးသူ၊ အနွယ်တော်ဖြစ်သူ စသဖြင့် မကြာခဏ ချီးကျူးရေးသားလေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။



Comments