မန္တလေးတွင် ပြည်သူ့နေအိမ်များအား ကျူးကျော်ဟုဆိုကာ ဖျက်ဆီးသိမ်းယူခဲ့သည့် မြေနေရာများကို စစ်တပ်က ဂရမ်ထုတ်၍ ပြန်လည်ရောင်းချ၊ သိန်းသောင်းချီ ဈေးပေါက်နေ
- Horizons News

- 1 day ago
- 1 min read
မန္တလေး ၊ ဇူလိုင် ၁၇ ၊ Horizons

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ကျူးကျော်အဖြစ် သတ်မှတ်ကာ ဘူဒိုဇာများဖြင့် ဖျက်ဆီးသိမ်းယူခဲ့သည့် မြေနေရာများကို စစ်တပ်က နှစ် (၃၀) ဂရမ်မြေအဖြစ် ပြောင်းလဲကာ ပြန်လည်ရောင်းချနေပြီး ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက်လျှင် အနိမ့်ဆုံး ကျပ်သိန်း (၁၀,၀၀၀) မှ (၃၅,၀၀၀) အထိ ဈေးပေါက်နေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၄၈ လမ်းပတ်ဝန်းကျင်ရှိ ငွေတော်ကျီကုန်း၊ သင်ပန်းကုန်းနှင့် ဇီးအုပ်ရပ်ကွက်များမှ ပြည်သူ့နေအိမ်များကို စစ်တပ်က လူမိုက်အုပ်စုများငှားရမ်းကာ ဆက်တိုက်ဖျက်ဆီး သိမ်းယူခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ၎င်းတို့သိမ်းယူထားသည့် မြေနေရာများကို အကွက်ရိုက်ကာ နှစ် (၃၀) ဂရမ်များ ထုတ်ပေးခဲ့ပြီး ကျဆုံးစစ်သည်နှင့် အရာရှိများအတွက် အစားထိုးမြေကွက်များအဖြစ် ချထားပေးခဲ့ကြောင်း၊ သို့သော် လက်ရှိတွင် အဆိုပါမြေကွက်များကို ပြန်လည်ရောင်းချနေကြသဖြင့် မန္တလေးမြို့၏ VIP နေရာသစ်တစ်ခု ဖြစ်လာကြောင်း သိရသည်။
ပေ ၄၀ × ၆၀ မြေကွက် (လမ်းမတန်း) တစ်ကွက်လျှင် ကျပ်သိန်း (၂၀,၀၀၀) မှ (၃၅,၀၀၀) အထိ ပေါက်ဈေးရှိနေပြီး လမ်းကြားမြေကွက်များမှာ ကျပ်သိန်း (၁၀,၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
"ဒါက ကျဆုံးအရာရှိတွေအတွက် ချပေးထားတဲ့ အကွက်တွေပါ။ အဲဒီနေရာတွေက ကျဆုံးစစ်သည်၊ အရာရှိတွေကို ချပေးထားတာဖြစ်ပြီး အခုတော့ ဈေးတော်တော်ကောင်းနေတယ်" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။ ထိုနေရာကို ယခုအခါ မြို့ပြင်ရှိ "ဒုတိယရဲမွန်တောင်" ဟုပင် အမည်ပေး ခေါ်ဆိုနေကြကြောင်း သိရသည်။
"ဒါက ကျွန်မတို့ရဲ့ ချွေတာစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုလေးတွေပါ။ အားလုံးရဲ့ မျက်ရည်တွေ စုနေတဲ့ မြေကွက်တွေကို အခုလို လုပ်ရက်ကြတာ ခံပြင်းဖို့ကောင်းပါတယ်" ဟု ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် နေအိမ်ဖျက်ဆီးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ၎င်း၏ရင်ဖွင့်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ မြေကွက်ရိုက်ရောင်းချမှုများကို စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များနှင့် ပတ်သက်နွယ်နေသည့် အိမ်ခြံမြေလုပ်ငန်းများက အဓိကချုပ်ကိုင်ထားခြင်းဖြစ်သည်။
ထို့ပြင် တပ်တွင်း၌လည်း သေဆုံးစစ်သားများ၏ ဇနီးသည်များက ၎င်းတို့အား မြေကွက်များမပေးဘဲ တိုက်ခန်းငယ်အချို့သာ ခွဲဝေပေးပြီး စစ်ဗိုလ်ချုပ်ကြီးများက သေဆုံးအရာရှိများ၏ အမည်ကိုအသုံးပြုကာ မြေကွက်များ အစားထိုးရယူ ရောင်းစားနေမှုအပေါ် မကျေနပ်သဖြင့် တပ်တွင်းတိုင်ကြားမှုများနှင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ဤမြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်မှ ပျူစောထီးခေါင်းဆောင် စံရှား (ပေါက်ကိုယ်တော်၏တပည့်) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လာရောက်ဖမ်းဆီးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖမ်းဆီးမှုမှာ ငြိမ်းချမ်းရေးကောင်စီဝင် အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးနှင့် မြေယာကိစ္စ အားပြိုင်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း ပြည်သူပိုင်မြေများကို ဖျက်ဆီးကာ အပြိုင်အဆိုင် မြေလုနေကြသည့် ကိစ္စရပ်များကြောင့် ပျူစောထီးအဖွဲ့အချို့ လက်နက်ဖြုတ်သိမ်းခံထားရသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၂) ဦးလည်း စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။



Comments