top of page
Logo-Icon.png

မန္တလေးတွင် သုံးထပ်တိုက်ပေါ်မှ အိမ်အကူအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး၊ စစ်ကောင်စီလက်အောက်ခံ ရဲများက စစ်ဆေးနေသော်လည်း တရားမျှတမှုရရှိရေး ပြည်သူများ စိုးရိမ်



မန္တလေး ၊ ဇူလိုင် ၁၉ ၊ Horizons


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းက RC သုံးထပ်တိုက်ပေါ်မှ အိမ်အကူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲများက လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။



ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၆၄)၊ ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက်၏ အပေါ်ဆုံးထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အဆိုပါတိုက်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် (၅၂) နှစ်အရွယ် အိမ်အကူအမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အမှတ် (၄) နယ်မြေရဲစခန်းမှ ရဲများက အခင်းဖြစ်ပွားရာနေရာသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေသည်။ သို့ရာတွင် တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေသည့် စစ်အာဏာရှင်စနစ်အောက်၌ ယခုကဲ့သို့ အခြေခံလူတန်းစား အိမ်အကူအမျိုးသမီးတစ်ဦး သေဆုံးရမှုအတွက် အကြောင်းရင်းမှန် ပေါ်ပေါက်ကာ အမှန်တကယ် တရားမျှတမှု ရရှိနိုင်မည်လားဆိုသည့်အပေါ် ပြည်သူများအကြား စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။


လက်ရှိတွင် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#မန္တလေးမြို့ #အောင်မြေသာစံမြို့နယ် #အမျိုးသမီးပြုတ်ကျသေဆုံး #စစ်ကောင်စီ #တရားဥပဒေစိုးမိုးမှုကင်းမဲ့ #ပြည်တွင်းသတင်း #HorizonsNews

 
 
 

Comments


bottom of page