ရွှေဘိုမြို့နယ် ပ.က.ဖ မှ (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးရဲဘော်များနှင့် မိဘများအား သွားရောက်ဂါရဝပြု
- Horizons News

- 23 hours ago
- 1 min read

ရွှေဘို ၊ ဇူလိုင် ၁၉ ၊ Horizons
ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ ဂူဗိမာန်များသို့ သွားရောက်ကာ အလေးပြု ဂါရဝပြုခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ရွှေဘိုမြို့နယ် ပ.က.ဖ အဖွဲ့ဝင်များသည် တော်လှန်ရေးတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ကြသည့် ရဲဘော်များ၏ ကျန်ရစ်သူ မိဘပြည်သူများကိုလည်း သွားရောက်တွေ့ဆုံ၍ ကန်တော့ခဲ့ကြသည်။
ရွှေဘိုမြို့နယ် ပ.က.ဖ အနေဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို အလေးအနက် ဂါရဝပြုကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ သမိုင်းတစ်လျှောက် မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် အာဇာနည် တိုင်းရင်းသားပြည်သူလူထုအပေါင်း၏ မွန်မြတ်သော စိတ်ဓာတ်များကိုလည်း အထူးအောက်မေ့ ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
ယခု နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုများကို ရဲဝံ့စွာ ရင်ဆိုင်တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးရဲဘော်အားလုံး၏ အာဇာနည်စိတ်ဓာတ်ကို အလေးအမြတ်ပြုကြောင်းနှင့် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ပ.က.ဖ က သန္နိဋ္ဌာန်ပြု ပြောကြားထားသည်။
#ရွှေဘိုမြို့နယ် #ပကဖ #အာဇာနည်နေ့ #ကျဆုံးရဲဘော်များ #HorizonsNews













Comments