top of page
Logo-Icon.png

မန္တလေး နန်းရှေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရန် စိတ်ကြိုက်လူရွေး၍ အတင်းအဓမ္မ ဖမ်းဆီးနေ

ဇူလိုင် ၁၈ ၊ Horizons



မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ရှိ အကွက် (၁၃)၊ အုတ်စက်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ ဦးဆောင်ကာ ရပ်ကွက်အတွင်းရှိ လူငယ်များကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါ ဖမ်းဆီးမှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲညွန့်အောင်၊ လှစိုး၊ ရဲမင်းငြိမ်း၊ ရာအိမ်မှူး ညွန့်ညွန့်ဆွေ၊ ဗိုလ်နိုင်နှင့် နိုင်းတူး တို့က ဦးဆောင်လုပ်ဆောင်နေခြင်း ဖြစ်သည်။


စစ်မှုထမ်းရန် မဲပေါက်ထားသူများကို ခေါ်ဆောင်ခြင်းမရှိဘဲ ၎င်းတို့အုပ်ချုပ်ရေးအဖွဲ့ စိတ်ကြိုက်လူများကိုသာ ရွေးချယ်ဖမ်းဆီးနေပြီး အသက် (၃၅) နှစ်ကျော်သူများနှင့် စိတ်ကျန်းမာရေးမကောင်းသူ (စိတ်မနှံ့သူ) များကိုပါ မချန် အတင်းအဓမ္မ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။


လတ်တလောတွင် ဖမ်းဆီးခံရသူများအနက် အသက် (၃၀) အရွယ်ရှိ ကိုဉာဏ်လင်းမောင် ဆိုသူအား ခလရ (၉၅) တပ်သို့ ပို့ဆောင်ထားသည်။ ဖမ်းဆီးခံရသူ ကိုဉာဏ်လင်းမောင်၏ အစ်မဝမ်းကွဲ ခင်ပွန်းဖြစ်သူမှာ ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်နေသဖြင့် ၎င်းကို ပြန်လည်လွတ်မြောက်စေရန်အတွက် ငွေကျပ် သိန်း (၈၅) သိန်းပေး၍ အခြားလူဖြင့် အစားထိုးလဲလှယ်ရန် အုပ်ချုပ်ရေးအဖွဲ့နှင့် လျှို့ဝှက်ညှိနှိုင်း စီစဉ်မှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။


ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် လူငယ်များအနေဖြင့် ၎င်းတို့၏ စိတ်ကြိုက်ဖမ်းဆီးမှု ဘေးအန္တရာယ်မှ ကင်းဝေးစေရန် အထူးသတိပြု နေထိုင်ကြပါရန်နှင့် ပြည်သူအချင်းချင်း သတင်းဖလှယ်ကာ ကူညီစောင့်ရှောက်ကြပါရန် ဒေသခံများက တိုက်တွန်းထားသည်။


Comments


bottom of page