မလှိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်မ (၉၉) စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်၊ ၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ
- Horizons News

- Jul 11
- 1 min read
မလှိုင် ၊ ဇူလိုင် ၁၁ ၊ Horizons

မန္တလေးတိုင်း၊ မလှိုင်မြို့မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီ၏ တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာနှင့် ကျောက်တွင်းကျေးရွာကြားတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ ကြားဖြတ်တိုက်ခိုက်ခြေမှုန်းခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ "တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အများအပြား သေဆုံးပြီး ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရသွားသူတွေလည်း ရှိပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ အလောင်းတွေ၊ ဒဏ်ရာရသူတွေအပြင် ခဲယမ်းနဲ့ ရိက္ခာတွေကိုပါ စွန့်ပစ်ပြီး ပန်းအိုင်ကျေးရွာဘက်ကို ထွက်ပြေးသွားကြပါတယ်" ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပြသည်။
အဆိုပါ တိုက်ပွဲအတွင်း တပ်မ (၉၉) လက်မောင်းတံဆိပ်ပါ စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းကို မျက်မြင်တွေ့ရှိခဲ့ရပြီး ၎င်းတို့ထံမှ RPG တစ်လက်၊ MA-1 နှစ်လက်၊ MA-2 တစ်လက်နှင့် MA-3 နှစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ မိတ္ထီလာခရိုင် ပကဖ၊ မလှိုင်မြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖနှင့် မိတ္ထီလာမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။







Comments