မအီမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး သေဆုံးပြီး သံဃာတော်တစ်ပါးနှင့် ကလေးငယ်များအပါအဝင် ၁၄ ဦး ပြင်းထန်ဒဏ်ရာရ
- Horizons News

- 2 days ago
- 1 min read

တောင်ကုတ် ၊ ဇူလိုင် ၁၉ ၊ Horizons
အာရက္ခပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ကို ယနေ့ (ဇူလိုင်လ ၁၉ ရက်) နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၅) ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် ကလေးငယ်များအပါအဝင် (၁၄) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးသည် မအီမြို့၊ အမှတ် (၂) ရပ်ကွက်သို့ ရောက်ရှိလာပြီး ပေါင် (၅၀၀) ဗုံး ၃ လုံးကို သုံးကြိမ်တိုင်တိုင် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးစထိမှန်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည့် အပြစ်မဲ့ပြည်သူ ၅ ဦးမှာ ကျောက်ဖြူမြို့နယ်မှ မအီမြို့သို့ စစ်ဘေးရှောင်လာသည့် အသက် (၁၇) နှစ်အရွယ် မောင်ထွန်းလင်းဇော်နှင့် မအီမြို့၊ အမှတ် (၂) ရပ်ကွက်မှ အသက် (၁၉) နှစ်အရွယ်များဖြစ်ကြသော မလပြည့်စံနှင့် မောင်ညီညီထွေး၊ အသက် (၃၅) နှစ်အရွယ် ဒေါ်မူမူဌေး၊ အသက် (၃၄) နှစ်အရွယ် ဦးညီညီဇော် တို့ဖြစ်ကြသည်။
ထို့ပြင် ဗုံးစထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသူ (၁၄) ဦးရှိပြီး ၎င်းတို့ထဲတွင် သက်တော် (၄၇) နှစ်အရွယ် သံဃာတော် အရှင်ကောဝိဒနှင့် အသက် (၁၀) နှစ်မှ (၁၆) နှစ်အရွယ်အထိ ကလေးငယ် (၅) ဦးအပါအဝင် အသက် (၂၀) ကျော်မှ (၆၀) ကျော်အရွယ်အထိ ဒေသခံပြည်သူများ ပါဝင်သည်။
ထိခိုက်ဒဏ်ရာရရှိသူများအားလုံးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသဖြင့် လတ်တလောတွင် အရေးပေါ် ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။
မအီမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့ကလည်း ရမ်းဗြဲ-တောင်ကုတ်-မအီ ကားလမ်းပေါ်ရှိ မင်းကြောင်းချောင်းတံတားကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) အသုံးပြု၍ လာရောက်ဗုံးကြဲဖျက်ဆီးခဲ့သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရှိရသည်။
#တောင်ကုတ်မြို့နယ် #မအီမြို့#လေကြောင်းတိုက်ခိုက်မှု #အရပ်သားသေဆုံးမှု #HorizonsNews









Comments