top of page
Logo-Icon.png

ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ဂွမြို့နယ်ကို စစ်ကောင်စီက ညသန်းခေါင်အချိန် လေကြောင်းမှ ဗုံး (၅၀) ကျော် ကြဲချတိုက်ခိုက်

ဂွ ၊ ဇူလိုင် ၁၄ ၊ Horizons



သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ညပိုင်းအချိန်တွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ ဗုံးအလုံးရေ (၅၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဒေသခံပြည်သူများအပေါ် စစ်ကောင်စီသည် ည (၁၀) နာရီမှ (၁၀) နာရီ (၅၅) မိနစ်အထိ (၅၅) မိနစ်စာ အချိန်အတွင်း ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ ဗုံးသီးပေါင်း (၅၂) လုံးအထိ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။



အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွင်းလျားရှည်ရွာ မြောက်ဘက် လယ်ကွင်းအစပ် တောင်ခြေများ၊ ရဟိုင်းကွင်းရွာ အနောက်ဘက် လယ်ကွင်းများနှင့် ကျောင်းကုန်းရွာ အရှေ့ဘက် လယ်ကွင်းအစပ် အပါအဝင် ရွာတွင်းလမ်းမကြီးဘေးတို့၌ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။ 


ထို့ပြင် ကျောင်းကုန်းရွာမှ ဦးအညီ၏ နေအိမ်ပေါ်သို့ ဗုံးသီးတစ်လုံး တည့်တည့်ကျရောက်ခဲ့သော်လည်း မပေါက်ကွဲခဲ့ပေ။ သို့သော် အရှိန်ပြင်းစွာ ပြုတ်ကျလာမှုကြောင့် နေအိမ်မှာ ထိခိုက်ပျက်စီးသွားခဲ့ပြီး လမ်းမကြီးဘေးသို့ ကျရောက်သည့် ဗုံးသီးတစ်လုံးမှာလည်း မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း သိရသည်။


ဂွမြို့နယ်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့ကလည်း ဂွမြို့နယ်၊ ဓနိအုပ်စုအတွင်းရှိ ကုလားချောင်းရွာနှင့် ပေါက်တူးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ 


ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ဦး သေဆုံးကာ (၁) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးခဲ့ရသေးကြောင်း သိရှိရသည်။

Comments


bottom of page