ရောဂါဖြင့် သေဆုံးသည့် ဝက်များကို အင်းလေးရေပြင်တွင် စွန့်ပစ်မှုကြောင့် ကျန်းမာရေးစိုးရိမ်မှု မြင့်တက်ကာ ဒေသတွင်း ငါးဈေးကွက် ထိခိုက်
- Horizons News

- 6 days ago
- 1 min read
အင်းလေး ၊ ဇူလိုင် ၁၂ ၊ Horizons

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ရောဂါဖြင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ဝက်များကို အင်းလေးရေပြင်အတွင်းသို့ စွန့်ပစ်ခဲ့မှုကြောင့် ဒေသထွက် ကျောက်ငါး (ခေါ်) တီလားဗီးယားငါးများကို ဝယ်ယူစားသုံးရန် ပြည်သူများအကြား ကျန်းမာရေး စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဝက်ရောဂါဖြစ်ပွားစဉ် သေဆုံးခဲ့သည့် ဝက်အချို့ကို စနစ်တကျ မြေမြှုပ်ဖျက်ဆီးခြင်းမပြုဘဲ ရေပြင်အတွင်းသို့ အလွယ်တကူ စွန့်ပစ်ခဲ့ရာမှ အဆိုပါ ဝက်သေကောင်များသည် ဘီလူးချောင်းအတွင်းသို့ မျောပါရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယင်းဝက်သေကောင်များကို ဘီလူးချောင်းအတွင်းရှိ ကျောက်ငါးများက စားသောက်နေသည်ဟု ဒေသခံများအကြား ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ငါးဝယ်ယူစားသုံးမှုများ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
"အခုဆို ကျောက်ငါးကို ဝယ်စားဖို့ လူတွေကြောက်နေကြတယ်။ ဝက်သေကောင်တွေကို ငါးတွေ စားနေတာ မြင်ရတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်း ငါးရောင်းရတာလည်း ခက်လာတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ရောဂါပိုးပါရှိနိုင်သည့် တိရစ္ဆာန်အသေကောင်များကို စားသောက်ထားသော ငါးများအား စားသုံးမိပါက ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်ပြီး ဒေသတွင်း၌ ကျောက်ငါးဝယ်ယူစားသုံးသူ အလွန်နည်းပါးသွားကြောင်း သိရသည်။
လက်ရှိတွင် ဘီလူးချောင်းအတွင်း ကျောက်ငါးဖမ်းဆီးမှုများ ဆက်လက်ရှိနေသော်လည်း ဒေသတွင်း ဝယ်လိုအား ကျဆင်းသွားသည့်အတွက် အခြားမြို့နယ်များသို့သာ အဓိကထား တင်ပို့ရောင်းချနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝက်ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို စစ်ဆေးပေးရန်၊ ရေထုညစ်ညမ်းမှု အခြေအနေကို စောင့်ကြည့်ပေးရန်နှင့် ပြည်သူများအကြား ဖြစ်ပေါ်နေသည့် ကျန်းမာရေးစိုးရိမ်မှုများကို အမြန်ဆုံး ရှင်းလင်းအသိပေးရန် လိုအပ်နေကြောင်း ဒေသခံများက တောင်းဆိုထားကြသည်။



Comments