ရေတာရှည်မြို့နယ်၌ စစ်မှုထမ်းအကြောင်းပြ၍ လူငယ်များကို ပေါ်တာဆွဲကာ ငွေညှစ်နေမှုများဖြစ်ပွား၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်လူကြီးတို့ ပူးပေါင်းလုပ်ဆောင်နေဟုဆို
- Horizons News

- 2 days ago
- 1 min read
ရေတာရှည် ၊ ဇူလိုင် ၁၆ ၊ Horizons

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းနှင့် ၎င်းတရားမဝင်ခန့်အပ်ထားသည့် ထောင်ထွက်လူသတ်သမား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင် (ခ) ပေါင်ချိန်တို့ ပူးပေါင်းကာ ဒေသခံလူငယ်များကို စစ်မှုထမ်းအကြောင်းပြ၍ နေ့စဉ်ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ်သိန်း (၁၅၀) အထိ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်နေကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းသည် ရာထူးခန့်အပ်ရန် သတ်မှတ်ချက်နှင့် မညီညွတ်သည့်အပြင် ယခင်က လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံဖူးသူ သစ်မှောင်ခိုသမား ဇော်ဇော်အောင်ကို လက်သပ်မွေးကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။
လက်ရှိတွင် အဆိုပါအုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်သည် မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကာအကွယ်ဖြင့် လမ်းပေါ်ရှိ ဒေသခံလူငယ်များကို အဓိကပစ်မှတ်ထားကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
"ကျွန်မတို့ ကလေးတွေကို စစ်မှုထမ်းဖို့ဆိုပြီး လမ်းပေါ်ကနေ ပေါ်တာဆွဲ လိုက်ဖမ်းတာ။ ပိုက်ဆံမပေးနိုင်တဲ့ အိမ်က ကလေးတွေကိုကျတော့ တခြားရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ လူစားထိုးဖို့ ပြန်ရောင်းစားတယ်။ ပိုက်ဆံတတ်နိုင်တဲ့ မိသားစုတွေဆီကကျတော့ လူငယ်တစ်ယောက်ကို သိန်း ၁၅၀ အထိ မရရအောင် ခြိမ်းခြောက်တောင်းပြီးမှ ပြန်လွှတ်ပေးတာ။ အဲဒီလိုညှစ်လို့ရတဲ့ငွေတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းနဲ့ သူတို့တစ်ဖွဲ့လုံး ခွဲယူကြတယ်လို့ သိရတယ်" ဟု ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ပြောဆိုသည်။
ထို့ပြင် အုပ်ချုပ်ရေးပိုင်း၏ အဆိုပါလုပ်ရပ်များကြောင့် ဒေသတွင်း ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းအကြားတွင်လည်း ပဋိပက္ခများ ဖြစ်ပွားနေကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စစ်မှုထမ်းကိစ္စရပ်များအတွက် လိုအပ်သည့် 'ပုံစံ ၂' ကို တောင်းခံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းက ထုတ်မပေးဘဲ ၎င်း၏လက်ထဲ၌သာ ဆုပ်ကိုင်ထားသဖြင့် ရဲတပ်ဖွဲ့အနေဖြင့် လူစုဆောင်းရန် ခက်ခဲနေပြီး မြို့အတွင်း ပြဿနာများ ပိုမိုရှုပ်ထွေးလာနေသည်။
"အုပ်ချုပ်ရေးမှူး ဥက္ကာသန်းက စစ်မှုထမ်းစာရင်းတွေကို သူ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားပြီး ရဲတွေကို ပုံစံ ၂ ထုတ်မပေးဘူး။ သူက လူသတ်သမား ဇော်ဇော်အောင်ကိုသုံးပြီးတော့ လူငယ်တွေကို လိုက်ဖမ်းခိုင်း၊ ပြီးရင် ငွေညှစ်တဲ့အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေတာ။ ရဲတွေလည်း စစ်မှုထမ်းကိစ္စလုပ်ဖို့ လူစုမရတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ရဲကြားထဲမှာပါ ပြဿနာတွေတက်နေပြီး မြို့ထဲမှာ အတော်လေး ရှုပ်ထွေးနေပါတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ရှင်းပြသည်။
လတ်တလောတွင် ရေတာရှည်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲငွေညှစ်မှုများနှင့် ပတ်သက်၍ ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (လုံ/နယ်ဝန်ကြီး) ဗိုလ်မှူးကြီး ညီလန်းချိုထံသို့ ဒေသခံများက တိုင်ကြားစာ ပေးပို့ထားကြောင်း သိရှိရသည်။



Comments