top of page
Logo-Icon.png

ရွှေပြည်သာ Bontech စက်ရုံတွင် လုပ်ခတောင်းဆိုသည့် သမဂ္ဂခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ဆက်တိုက်အလုပ်ထုတ်၊ အလည ဖြေရှင်းမှု ကြန့်ကြာနေ၍ ဝေဖန်မှု မြင့်တက်

ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons



ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd အထည်ချုပ်စက်ရုံတွင် အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို စက်ရုံစီမံခန့်ခွဲမှုပိုင်းက အကြောင်းပြချက်အမျိုးမျိုးရှာကာ ယခုသီတင်းပတ်အတွင်း စံချိန်တင် အလုပ်ထုတ်ပယ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။



ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် စက်ရုံတွင်း ငြိမ်းချမ်းစွာ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် စက်ရုံစီမံခန့်ခွဲမှုအဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ် ဌာနတို့က သမဂ္ဂအဖွဲ့ဝင်များကို အဓိကပစ်မှတ်ထား၍ ဖိအားပေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ 


ထိုသို့ ဖိအားပေးရာတွင် လုပ်ငန်းခွင်အတွင်း အသေးအဖွဲကိစ္စရပ်များကို အကြောင်းပြချက်ရှာကာ အပြစ်ရှာခြင်း၊ သတိပေးစာ များတွင် အတင်းအကျပ် လက်မှတ်ထိုးခိုင်းခြင်းများကို လုပ်ဆောင်ခဲ့ပြီးနောက် အလုပ်သမားဥပဒေပါ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ အလုပ်မှတန်းဖြုတ်ကာ အလုပ်ထုတ်စာများကို ချက်ချင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် စက်ရုံအတွင်းရှိ နိုင်ငံခြားသားပညာရှင်များက အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခြင်းနှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


စက်ရုံဘက်မှ အလုပ်ထုတ်ပယ်ရာတွင် ဇူလိုင်လ ၁၀ ရက်နေ့၌ သမဂ္ဂအဖွဲ့ဝင်တစ်ဦး၊ ဇူလိုင်လ ၁၅ ရက်နေ့၌ နောက်ထပ် သမဂ္ဂအဖွဲ့ဝင်တစ်ဦးနှင့် ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် Bontech အခြေခံအလုပ်သမားသမဂ္ဂ၏ အတွင်းရေးမှူးတို့ကို အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အတွင်းရေးမှူးသည် ယခုရက်ပိုင်းအတွင်း စက်ရုံ HR ဌာန၏ တိုက်ရိုက်လက်မှတ်ဖြင့် တတိယမြောက် ထုတ်ပယ်ခြင်းခံရသည့် သမဂ္ဂခေါင်းဆောင် ဖြစ်လာပြီး စုစုပေါင်း သမဂ္ဂအဖွဲ့ဝင် (၃) ဦးထက်မနည်း အလုပ်ထုတ်ပယ်ခံထားရပြီဖြစ်သည်။


အဆိုပါ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စွက်ဖက်မှုများနှင့် ပတ်သက်၍ အလုပ်သမားများက သက်ဆိုင်ရာ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သို့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက တိုင်ကြားစာပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ ထိရောက်သော ဖြေရှင်းဆောင်ရွက်ပေးမှုမရှိဘဲ ကြန့်ကြာနေကြောင်း သိရသည်။ ထိုသို့ ဌာနဘက်မှ စိစစ်ဖြေရှင်းပေးခြင်း မရှိသေးသည့် ကာလအတွင်းမှာပင် စက်ရုံဘက်က အလုပ်ထုတ်ပယ်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းဖြစ်သည်။


အလုပ်သမားရေး ဆောင်ရွက်သူများ၏ ထောက်ပြချက်အရ Bontech စက်ရုံ၏ လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ အလုပ်သမားအဖွဲ့အစည်းဥပဒေ အခန်း (၁၂)၊ ပုဒ်မ ၄၄ (ဃ) ပါ တားမြစ်ချက်များကို ချိုးဖောက်နေခြင်းဖြစ်သလို လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခွင့်ဆိုင်ရာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်

၏ ပြဋ္ဌာန်းချက်အမှတ် ၈၇ ကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။


Bontech အထည်ချုပ်စက်ရုံသည် နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သည့် DeltaPlus (France), Pioneer (Canada), GROUNDForce (Canada), CXS (Czech Republic), VIZWELL (China/Italy), TROEGER (Germany/EU), Singer (USA), DE (EU), Stongkit (Asian/SEA) နှင့် PROFIT (EU) စသည့် ကမ္ဘာ့အမှတ်တံဆိပ် အများအပြား၏ ကုန်ပစ္စည်းများကို ချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်နေသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ၎င်းအမှတ်တံဆိပ်များက လျစ်လျူရှုထားကြောင်း သိရသည်။


လက်ရှိအခြေအနေတွင် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ စက်ရုံအလုပ်ရှင်၏ ဥပဒေမဲ့လုပ်ရပ်များအပေါ် တစ်စုံတစ်ရာ ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ အလုပ်ရှင်ဘက်မှ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေသည့်အပေါ် စက်ရုံအလုပ်သမားထုနှင့် လူမှုအဖွဲ့အစည်းများအကြား ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

Comments


bottom of page