ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူတစ်ရာကို ဖမ်းဆီးထားပြီး ပြည်သူနေအိမ် မီးရှို့
- Horizons News

- 5 days ago
- 1 min read
တနင်္သာရီ၊ ဇူလိုင် ၁၃ ၊ Horizons

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က အင်အားခုနစ်ရာကျော်နဲ့ စစ်ကြောင်း ထိုးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဒီနေ့မှာ ပြောပါတယ်။
အဲဒီစစ်ကြောင်းက ပြီးခဲ့တဲ့ဇူလိုင် ၇ ရက်နေ့ကစပြီး စစ်ကြောင်းတွေ ခွဲပြီး ရေဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
မနေ့နေလယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဧကနိကျေးရွာက ပြည်သူနေအိမ်တွေကို မီးရှိုဲခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ဝဇွမ်းတေကျေးရွာကို ဝင်ရောက်နေတာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ ရာသီဥတုကလည်း အရမ်းကို ဆိုးရွားတယ်။ မိုးက နေကော ညကော ရွာနေတာ။ စစ်ကြောင်း ဝင်လာတာ မသိလိုက်ဘူး ဖြစ်သွားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ ဧကနိကျေးရွာက ပြည်သူတစ်ရာနီးပါးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားပေမဲ့ ဖမ်းဆီးခံရသူတွေထဲက ရှစ်ဦးက ထွက်ပြေးလာတယ်လို့ သူက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်မယ့် ထားဝယ်ရေနက်စီမံကိန်းနယ်မြေအနီးက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။



Comments