top of page
Logo-Icon.png

ရေးမြို့၌ PDF ထောက်ပို့ဟုစွပ်စွဲကာ ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦး ပြန်လွတ်ပြီး ကျန်တစ်ဦး အမှုဖွင့်ခံရမည့်အရေး ကြုံနေ

ရေး ၊ ဇူလိုင် ၁၆ ၊ Horizons



မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ဒေသခံအမျိုးသမီးနှစ်ဦးအနက် မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိထွေး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်အမျိုးသမီးတစ်ဦးမှာမူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က အစင်ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် အဆိုပါ ဒေသခံအမျိုးသမီးနှစ်ဦးကို ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 


ဖမ်းဆီးခံရသူများမှာ အစင်ရွာမှ မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ အသက် (၅၀) ကျော်အရွယ် ဒေါ်မိထွေးနှင့် ရွာလယ်ပိုင်းမှ အသက် (၄၀) ကျော်အရွယ် အထည်ရောင်းသည့် အမျိုးသမီး (အမည်စုံစမ်းဆဲ) တို့ ဖြစ်သည်။


စစ်ကောင်စီဘက်က (၄) ရက်ကြာ စစ်ဆေးမေးမြန်းပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒေါ်မိထွေးကို ပြန်လွှတ်ပေးခဲ့‌သော်လည်း လက်ရှိအခြေအနေအရ အထည်ရောင်းသည့် အမျိုးသမီးမှာမူ ပြန်လွတ်မလာသေးဘဲ ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူရန် စစ်ကောင်စီနှင့် နီးစပ်သူများက စီစဉ်နေကြောင်း သိရသည်။


ရေးမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးကတည်းက ဒေသခံများကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေပြီး ဖမ်းဆီးခံရသူအချို့မှာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရခြင်း (သို့မဟုတ်) ငွေကြေးအဆမတန်ပေးကာ ပြန်ရွေးရခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။


Comments


bottom of page