top of page
Logo-Icon.png

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပဲကြီးစိုက်တောင်သူများ စိုက်ဧက ထက်ဝက်ခန့် လျှော့ချစိုက်ပျိုးကြရန် ပညာရှင်များ အကြံပြု

အောင်ပန်း ၊ ဇူလိုင် ၁၂ ၊ Horizons



ရှမ်းပြည်နယ်တောင်ပိုင်းမှ ပဲကြီးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်မည့် စိုက်ပျိုးရာသီ၌ ပဲကြီးစိုက်ဧကများကို ယခင်နှစ်များထက် ၅၀ ရာခိုင်နှုန်းခန့် လျှော့ချစိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးဈေးကွက် လေ့လာသူများက အကြံပြုလိုက်သည်။


လက်ရှိဖြစ်ပေါ်နေသော စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပို့ကုန်ဈေးကွက် အခြေအနေများအရ ယခုနှစ် ပဲကြီးဈေးကွက်မှာ ယခင်နှစ်ကဲ့သို့ ကောင်းမွန်နိုင်ခြေမရှိဘဲ ဈေးနှုန်းကျဆင်းမှုများနှင့် ကြုံတွေ့လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။


အောင်ပန်းမြို့ရှိ စိုက်ပျိုးရေးဈေးကွက် လေ့လာသူတစ်ဦးက "လက်ရှိအခြေအနေအရ ဒီနှစ်ပဲကြီးဈေးကွက်က မနှစ်ကလို မကောင်းနိုင်ဘူးလို့ မြင်ပါတယ်။ တောင်သူတွေ အကုန်လုံး တစ်ပြိုင်နက်တည်း အများကြီးစိုက်လိုက်ရင် အထွက်နှုန်းများပြီး ဈေးကျနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် စိုက်ဧကကို အတန်အသင့် လျှော့ချစိုက်ပျိုးတာ ပိုသင့်တော်မယ်လို့ ထင်ပါတယ်" ဟု သုံးသပ်ပြောဆိုသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော အောင်ပန်းကုန်စိမ်းဈေးကွက် စာရင်းများအရ လက်ရှိတွင် ပဲကြီးအမျိုးအစားများမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သော်လည်း လာမည့်စိုက်ပျိုးရာသီတွင် ဈေးကွက်ဝယ်လိုအားနှင့် ပို့ကုန်အခြေအနေများအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။


အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသသည် ပဲကြီးကို အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် စိုက်ဧကများပြားလေ့ရှိသည်။ သို့ဖြစ်ရာ တောင်သူအများစုက ပဲကြီးကိုသာ အဓိကထား စိုက်ပျိုးပါက ရိတ်သိမ်းချိန်၌ ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများ တစ်ပြိုင်နက်တည်း အလုံးအရင်း ဝင်ရောက်လာပြီး ဈေးကွက်ပျက်ကာ ဈေးနှုန်းကျဆင်းမှုများ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။


ထို့ပြင် အဆိုပါ ဈေးကွက်လေ့လာသူက "စိုက်ပျိုးရေးမှာ ဈေးတက်နေချိန်ကိုကြည့်ပြီး လိုက်စိုက်တာထက် ရိတ်သိမ်းချိန် ဈေးကွက်အခြေအနေကို ကြိုတွက်ဆဖို့ လိုပါတယ်။ မဟုတ်ရင် တောင်သူတွေ အမြတ်မရဘဲ ရင်းနှီးမြှုပ်နှံမှုတောင် ပြန်မရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်" ဟု ဆက်လက်အကြံပြုထားသည်။


ယခု သုံးသပ်ချက်များသည် ရှမ်းတောင်ဒေသရှိ ပဲကြီးစိုက်ပျိုးမှုအခြေအနေအပေါ် အခြေခံထုတ်ပြန်ထားခြင်းဖြစ်ပြီး လာမည့်ရာသီ၏ အမှန်တကယ် ဈေးကွက်အခြေအနေမှာ ပြည်တွင်း/ပြည်ပ ဝယ်လိုအား၊ ပို့ကုန်တင်ပို့နိုင်စွမ်းနှင့် ငွေကြေးဈေးကွက် အခြေအနေများအပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။


Comments


bottom of page