top of page
Logo-Icon.png

ရှမ်းမြောက် နမ္မတူမြို့နယ်ရှိ မန်စံ-လားရှိုး လမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို

နမ္မတူ ၊ ဇူလိုင် ၁၄ ၊ Horizons



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ဒေသခံများ အဓိက အားထားသွားလာနေရသော မန်စံ-လားရှိုး လမ်းမကြီးသည် ဆိုးရွားစွာ ပျက်စီးယိုယွင်းနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးကာ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် ဒေသခံပြည်သူများက တောင်းဆိုလျက်ရှိသည်။


အဆိုပါ လမ်းမကြီးသည် ရာသီမရွေး သွားလာရခက်ခဲနေသည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး လက်ရှိ မိုးရာသီကာလတွင် ဗွက်နွံများနှင့် ချိုင့်ခွက်များကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လုနီးပါး ဖြစ်နေကာ နွေရာသီတွင်လည်း ဖုန်မှုန့်များ အလွန်အမင်း ထူထပ်လေ့ရှိကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က အဆိုပါလမ်းပိုင်းကို ကိုယ်တိုင် ဖြတ်သန်းသွားလာခဲ့သည့် ဒေသခံပြည်သူတစ်ဦးက "အခုက မိုးတွင်းကာလဆိုတော့ လမ်းအခြေအနေက တော်တော်လေးကို ဆိုးဆိုးရွားရွား ပျက်စီးနေပါပြီ။ ပုံမှန်ဆို ၁ နာရီပဲ သွားရမယ့်ခရီးကို အခု ၂ နာရီလောက်အထိ အချိန်ပေးပြီး သွားနေရတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းလို့ ဒေသခံတွေ လိုရာခရီးကို အလွယ်တကူ မရောက်နိုင်ကြဘူး ဖြစ်နေပါတယ်" ဟု ပြောပြသည်။


ယခုကဲ့သို့ လမ်းခရီး ကြမ်းတမ်းပျက်စီးနေမှုကြောင့် ဒေသခံများ၏ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများသာမက အရေးပေါ် ကျန်းမာရေးကိစ္စရပ်များအတွက်ပါ ကြီးမားသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။


ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနှင့် လမ်းဦးစီးဌာန တာဝန်ရှိသူများအနေဖြင့် ယခု မန်စံ-လားရှိုး လမ်းမကြီးပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာပြီး အထက်တာဝန်ရှိသူများထံသို့ ထပ်ဆင့်တင်ပြကာ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် ပြည်သူများက အလေးအနက် မေတ္တာရပ်ခံထားကြသည်။


လက်ရှိအချိန်အထိ ယင်းလမ်းပိုင်းကို အသုံးပြုသွားလာနေရသည့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ အခက်အခဲ ဒုက္ခများစွာ ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများထံမှ ထိရောက်သော ပြုပြင်ဆောင်ရွက်ပေးမှုများကို စောင့်မျှော်လျက်ရှိကြောင်း သိရသည်။


(ပုံ - Social Media)

Comments


bottom of page