top of page
Logo-Icon.png

ရခိုင်ရေဘေးကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူများ ရှိနေပြီး မြစ်ချောင်းများအနီး မသွားကြရန် အာရက္ခအစိုးရ သတိပေး

ကျောက်တော် ၊ ဇူလိုင် ၁၁ ၊ Horizons



ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် မြစ်ရေကြီးရေလျှံမှုများကြောင့် အာရက္ခဒေသ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၀၀ နီးပါး ရေဘေးသင့်နေပြီး တောင်ပြိုမှုများ၊ တောင်ကျရေများကြောင့် သေဆုံးသူများနှင့် ရေစီးနှင့် မျောပါပျောက်ဆုံးသူများ ဆက်တိုက်ရှိနေကြောင်း သိရသည်။


ဖြစ်စဉ်များအရ ကျောက်တော်မြို့နယ်၊ ရွှေတလှည်းရွာမှ အသက် ၂၆ နှစ်အရွယ် ကိုကျော်စိုးသန်းသည် ဇူလိုင်လ ၉ ရက်နေ့က စက်လှေစီးရာမှ ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ (ဇူလိုင် ၁၁ ရက်) နံနက် ၆ နာရီခွဲခန့်တွင် ရွာချောင်းအတွင်း၌ ၎င်း၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။


အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က အပေါက်ဝကျေးရွာမှ Grade-12 ကျောင်းသားတစ်ဦးမှာ ကုလားတန်မြစ်အတွင်း မျောပါလာသည့် ထင်းချောင်းများကို ဆယ်ယူရာမှ ရေစီးနှင့်အတူ မျောပါသွားခဲ့သလို၊ ယခုရက်ပိုင်းအတွင်း နဂူမေကျေးရွာမှ အခြား Grade-12 ကျောင်းသားတစ်ဦးသည်လည်း ကုလားတန်မြစ်အတွင်း ရေစီးနှင့်အတူ ထပ်မံမျောပါ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


ထို့ပြင် မြောက်ဦးမြို့နယ်၊ ဘောက္ကံချောင်းရွာမှ အသက် ၄၁ နှစ်အရွယ် ဦးစိန်အေးမောင်သည်လည်း ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရေနစ်သေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ဇူလိုင်လ ၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိကာ DLEPS ဌာနမှတစ်ဆင့် မိသားစုထံလွှဲပြောင်းပေးအပ်ပြီး သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။


လူသားစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ဒေသတွင်း ရေဘေးကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးထားကြောင်း အတည်ပြုထားသည်။


လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော စားနပ်ရိက္ခာများနှင့် အကူအညီများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဆက်တိုက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ 


ယခုရက်ပိုင်းအတွင်း ရေစီးအလွန်ကြမ်းတမ်းနေသည့်အတွက် ပြည်သူများအနေဖြင့် မြစ်၊ ချောင်းများအနီးသို့ သွားရောက်ခြင်းနှင့် ထင်းဆယ်ယူခြင်းများကို လုံးဝမပြုလုပ်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အလေးအနက် သတိပေး တားမြစ်ထားသည်။

Comments


bottom of page