top of page
Logo-Icon.png

ရတခထံ တော်လှန်ရေးရဲဘော် ၄၁ ဦး အလင်းဝင်ဟု စစ်ကောင်စီ ဝါဒဖြန့်၊ KNA တပ်ဖွဲ့ဝင်များသာဖြစ်နိုင်ဟု သုံးသပ်ကြ

မော်လမြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons



မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ထံသို့ တော်လှန်ရေးရဲဘော် (၄၁) ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ယနေ့ (ဇူလိုင်လ ၁၆ ရက်) ၌ ဖော်ပြထားသည်။ သို့သော် အဆိုပါဖြစ်စဉ်မှာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအကြား စိတ်ဓာတ်ပျက်ပြားစေရန် လုပ်ကြံဝါဒဖြန့်မှုတစ်ခုသာ ဖြစ်နိုင်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ထောက်ပြကြသည်။



စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အလင်းဝင်လာသူများသည် ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ (KPMF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ဆိုသည်။ 


အလင်းဝင်လာသည်ဆိုသော (၄၁) ဦး၏ နေရပ်ဒေသအလိုက် ပါဝင်မှုနှုန်းမှာ ကရင်ပြည်နယ်မှ (၁၂) ဦး၊ မွန်ပြည်နယ်မှ (၁၂) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၀) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂) ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။


အဆိုပါအဖွဲ့သည် လက်နက်မျိုးစုံ (၁၁) လက်နှင့် ဆက်စပ်ပစ္စည်းများ ယူဆောင်လာသဖြင့် စစ်ကောင်စီဘက်က ငွေကျပ် ၃၈၂ သိန်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ခံဝန်ကတိဖြင့် မိဘများထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ရေးသားထားသည်။ သို့ရာတွင် တော်လှန်ရေး သတင်းရင်းမြစ်များ၏ ပြောပြချက်အရ အလင်းဝင်ရောက်သူများဟု စစ်ကောင်စီက ဖော်ပြထားသူများသည် နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ် (KNA) မှ တပ်ဖွဲ့ဝင်များသာ ဖြစ်နိုင်ကြောင်း သိရသည်။


ဒါဟာ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ စစ်ကောင်စီက ၎င်းတို့ဘက်က စစ်ရေးအကျပ်အတည်းတွေကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးရဲဘော်တွေကြား စိတ်ဓာတ်ပျက်ပြားအောင် တမင်ရည်ရွယ်ပြီး ပြုလုပ်တဲ့ ဝါဒဖြန့်ရေး လုပ်ငန်းစဉ် တစ်ခုသက်သက်ပဲ ဖြစ်ပါတယ်ဟု တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက သုံးသပ်ထားသည်။ 


လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် စစ်မျက်နှာပြင်အသီးသီးတွင် အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရသဖြင့် တော်လှန်ရေးရဲဘော်များ မကြာခဏ အလင်းဝင်ရောက်နေသည်ဟူသော ပုံရိပ်တုကို ပြည်သူများအကြား ချပြနိုင်ရန် ယခုကဲ့သို့ ဝါဒဖြန့်ချိမှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။


Comments


bottom of page