ရန်ကုန်တွင် စစ်ကောင်စီက လူနာတင်ပရဟိတယာဉ်များ အသုံးပြုကာ လူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ
- Horizons News

- 7 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၁ ၊ Horizons

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများက "ရတနာအောင်" အမည်တပ်ထားသည့် လူနာတင်ပရဟိတယာဉ်များကို အကာအကွယ်ယူကာ လမ်းသွားလမ်းလာ လူငယ်များကို လိုက်လံဖမ်းဆီး၍ စစ်မှုထမ်းရန် စုဆောင်းနေကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ သိရသည်။
စစ်ကောင်စီသည် လက်ရှိတွင် စစ်မှုထမ်းရန် လူအင်အား လိုအပ်ချက် မြင့်မားနေသဖြင့် ယခုကဲ့သို့ အရပ်ဘက် ပရဟိတယာဉ်များကို အသုံးပြုကာ လူငယ်များကို နည်းမျိုးစုံဖြင့် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ လှည်းတန်းဘူတာအနီး ရထားလမ်းဘေးတွင် ထိုင်နေသည့် လူငယ် ၂ ဦးကို ကမာရွတ်မြို့နယ်ရဲစခန်းမှ ရဲတစ်ဦးနှင့် သတင်းပေး ပျူစောထီးဖြစ်သူ ဇွဲထက်နောင် (ခ) နောင်နောင် တို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဖုန်းများစစ်ဆေးခဲ့သည်။ ထို့နောက် "မသင်္ကာဟု" စွပ်စွဲကာ အဆိုပါလူငယ် ၂ ဦးကို ရတနာအောင် လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အလားတူ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်ကလည်း ဗဟိုလမ်း (ခိုင်ရွှေဝါလမ်း) ဆုံ ဆိုက်ကားဂိတ်မှတ်တိုင်အနီးတွင် အလုပ်မှပြန်လာသည့် လူငယ်တစ်ဦးကို ရဲနှင့် ပျူစောထီးများက မသင်္ကာဟုဆိုကာ ဖုန်းစစ်ဆေးပြီး ပိုက်ဆံအိတ်အတွင်းမှ ငွေများကိုပါ ယူဆောင်သွားခဲ့သေးကြောင်း သိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ "ဒီရက်ပိုင်းအတွင်း ဒီလိုဖမ်းတာ ၃ ကြိမ်၊ ၄ ကြိမ်လောက် ရှိနေပြီ။ ပရဟိတကားနဲ့ဆိုတော့ လူတွေက သတိမထားမိကြဘူး၊ လုဖမ်းရတာ ပိုလွယ်တယ်လို့တောင် သူတို့ထဲကတစ်ယောက်က ပြောတယ်" ဟု ဒေသခံတစ်ဦးက ပြောပြသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ရဲနှင့် ပျူစောထီးများသည် အဖြူနှင့် အနက်ရောင်ရှိသော "ရတနာအောင်" ပရဟိတအဖွဲ့၏ လူနာတင်ယာဉ် ၂ စီးကို အသုံးပြုကာ ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိသည်။ အဆိုပါ ယာဉ်များကို ကမာရွတ် (ခ) စည်းပင်ရုံးသစ်တွင် အခြေစိုက်ထားလေ့ရှိပြီး လူနာတင်ကားဖြစ်သဖြင့် ပြည်သူများ သတိမထားမိစေရန်နှင့် လှည့်ဖြားရန် လွယ်ကူသောကြောင့် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
အဓိက သတင်းပေးတိုင်ကြားကာ လိုက်လံဖမ်းဆီးနေသူ ပျူစောထီး ဇွဲထက်နောင် (ခ) နောင်နောင် သည် စစ်အာဏာမသိမ်းမီကတည်းက ရဲသတင်းပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ရဲအယောင်ဆောင်ကာ ၄၁ယ/၂၁၀၀၀ နံပါတ်ပါ ဆိုင်ကယ်ဖြင့် သွားလာလှုပ်ရှားလျက်ရှိသည်။ ၎င်းသည် ရဲများနှင့် ပူးပေါင်းကာ လူငယ်များကို လိုက်လံဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ပြီး ငွေမရပါက စစ်မှုထမ်းရန် စုဆောင်းရေးသို့ ပို့ဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် ဇူလိုင်လ ၇ ရက်နေ့မှစ၍ လှည်းတန်းဘူတာရှေ့၊ ပတ္တမြားလမ်းထိပ်နှင့် ခိုင်ရွှေဝါလမ်းထိပ် အပါအဝင် ၁၆ ပေဂုံးအနီးနှင့် ဆိုက်ကားဂိတ်များတွင် နံနက် ၆ နာရီမတိုင်မီကတည်းက အရပ်ဝတ်များဖြင့် လူငယ်များကို စောင့်ကြည့် ထောက်လှမ်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံလူငယ်များနှင့် မိဘပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
(ပုံ- သတင်းတွင် အသုံးပြုထားသော ဓာတ်ပုံမှာ ၂၀၂၁ ခုနှစ် မတ်လအတွင်း မြိတ်မြို့တွင် စစ်တပ်နှင့်ရဲများက လူနာတင်ကားနှင့် ပရဟိတယာဉ်များကို အသုံးပြု၍ ပြည်သူများကို ဖမ်းဆီးပစ်ခတ်ခဲ့စဉ်က မှတ်တမ်းပုံအဟောင်းကို အသုံးပြုထားခြင်းဖြစ်ပါသည်။



Comments