top of page
Logo-Icon.png

ရန်ကုန်တွင် အာဇာနည်နေ့လုံခြုံရေးအကြောင်းပြ၍ စစ်ကောင်စီက မြို့တွင်းစစ်ဆေးမှုများ တင်းကျပ်ထားပြီး နောက်ကွယ်၌ ရှေ့တန်းပို့မည့် စစ်သင်္ဘောနှင့် ယာဉ်တန်း (၃၀) နီးပါးဖြင့် အင်အားဖြည့်တင်းနေ



ရန်ကုန် ၊ ဇူလိုင် ၁၉ ၊ Horizons


ရန်ကုန်မြို့တွင် ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ လုံခြုံရေးကို အကြောင်းပြကာ စစ်ကောင်စီတပ်က မြို့တွင်းစစ်ဆေးမှုများ အထူးတင်းကျပ်ထားသော်လည်း နောက်ကွယ်တွင်မူ ကချင်ပြည်နယ်အပါအဝင် အထက်ပိုင်း ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်မည့် စစ်သင်္ဘောများနှင့် ယာဉ်တန်းများအတွက် ရိက္ခာနှင့် စစ်အင်အားများကို သန်လျင်ရေတပ်စခန်း၌ အလုံးအရင်းဖြင့် ဖြည့်တင်းလှုပ်ရှားနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များနှင့် မြို့ခံများထံမှ သိရသည်။


လက်ရှိတွင် စစ်ကောင်စီသည် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းမကြီး တစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြည့်အစုံချထားပြီး မြို့တွင်းသွားလာနေသည့် ဘေးတွဲဆိုင်ကယ်များကိုပါ အမိုးအကာများ အဓမ္မဖြုတ်ခိုင်းကာ လုံခြုံရေးအရ ဖိနှိပ်စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သန်လျင်မြို့ခံများက ပြောသည်။


“လမ်းမကြီးတစ်လျှောက်လုံး ရဲနဲ့စစ်သားတွေ အပြည့်ပဲ။ ဘေးတွဲဆိုင်ကယ်တွေကိုလည်း အမိုးတွေ အကုန်ဖြုတ်ခိုင်းပြီး စစ်နေတယ်။ 


အာဇာနည်နေ့မို့လို့ လုံခြုံရေးတိုးတယ်ဆိုပြီး ပြည်သူတွေကိုပဲ ပိတ်ဆို့ရှာဖွေပြီး ဒုက္ခပေးနေတာ”

ဟု သန်လျင်မြို့ခံတစ်ဦးက ပြောပြသည်။


စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ရန်ကုန်မြို့တွင်း လမ်းခရီးအချို့ကို ပိတ်ဆို့ကာ ပြည်သူလူထု၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားသော်လည်း နောက်ကွယ်တွင်မူ သန်လျင်မြို့ရှိ ရေတပ်စခန်း၌ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်မည့် စစ်ယာဉ်တန်းများနှင့် စစ်သင်္ဘောအုပ်စုများအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို အလုံးအရင်းဖြင့် ဖြည့်တင်းလျက်ရှိသည်။


အဆိုပါ စစ်အင်အားဖြည့်တင်းမှုတွင် အရပ်ဘက်ရေယာဉ်များနှင့် ကုန်းလမ်းမော်တော်ယာဉ်များကိုပါ စစ်တပ်က အဓမ္မချောဆွဲအသုံးပြုနေပြီး သင်္ဘောနှင့် မော်တော်ယာဉ်မောင်းနှင်သူများကိုပါ အတင်းအကျပ် ပေါ်တာဆွဲခေါ်ယူထားကြောင်း သိရသည်။ 


ထို့ပြင် ပေါ်တာဆွဲခံရသူများကို ခရီးစဉ်အပြီးတွင် စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမည်ဟု မက်လုံးပေးပြောဆိုထားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။


လတ်တလောတွင် စစ်ယာဉ်တန်းနှင့် စစ်သင်္ဘောအုပ်စု အစီးပေါင်း (၃၀) နီးပါးဖြင့် အင်အားအပြည့်အစုံ စုဖွဲ့ထားပြီး လာမည့် ဇူလိုင်လ (၂၅) ရက်နေ့ခန့်တွင် ရန်ကုန်မှ စတင်ထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။ 


ယင်းစစ်သင်္ဘောအုပ်စုသည် သန်လျင်ရေတပ်စခန်းမှ ထွက်ခွာပြီးနောက် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် စစ်ကူနှင့် ရိက္ခာများ ထပ်မံစုဖွဲ့ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်နေသဖြင့် အထက်ပိုင်း ရှေ့တန်းစစ်မျက်နှာများသို့ စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ဖြည့်တင်းနိုင်ရေးအတွက် ယခုကဲ့သို့ ရေကြောင်းကို အသုံးပြု၍ အရှိန်အဟုန်မြှင့် ပြင်ဆင်နေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။


#ရန်ကုန်မြို့ #သန်လျင်ရေတပ်စခန်း #အင်အားဖြည့်တင်း #HorizonsNews

 
 
 

Comments


bottom of page