top of page
Logo-Icon.png

ရန်ကုန်တိုင်းအတွင်း (၇၉) နှစ်မြောက် အာဇာနည်နေ့ လူထုလှုပ်ရှားမှုများကို စောင့်ကြည့်ရန် စစ်ကောင်စီ ညွှန်ကြား၊ ပဲပြုတ်နှင့်နံပြား ကျွေးမည့်အိမ်များကိုပါ မှတ်တမ်းတင်ခိုင်း

ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons



လာမည့် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံး၌ ပြည်သူလူထု၏ လှုပ်ရှားမှုများ ရှိ၊ မရှိ စောင့်ကြည့်သတင်းပေးရန်နှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များကို အမိန့်ပေး ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ 


ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နယ်လုံဝန်ကြီးတို့က မြို့နယ်ထွေအုပ်ရုံးများသို့ ထိုသို့ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့မြို့နယ်အတွင်း လူထုလှုပ်ရှားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက တာဝန်ယူဖြေရှင်းရမည်ဟု ဖိအားပေးထားကြောင်း သိရသည်။


မင်္ဂလာဒုံမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ အာဇာနည်နေ့တိုင်းတွင် မြို့ခံများကို စောင့်ကြည့်ရန် စစ်တပ်က နှစ်စဉ်ညွှန်ကြားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဆန္ဒပြကမ်ပိန်းပြုလုပ်မည့် လူငယ်များကို စောင့်ကြည့်ရန်အပြင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား ကျွေးမည့် နေအိမ်များကိုပါ မှတ်တမ်းတင်ရန် စည်းကမ်းချက်အသစ် တိုးမြှင့်ထားကြောင်း သိရသည်။


"စစ်တပ်က မြို့ခံတွေကို စောင့်ကြည့်ဖို့ ညွှန်ကြားတာ နှစ်တိုင်းပဲ။ ဒါပေမဲ့ ဒီနှစ် ဆန္ဒပြ ကမ်ပိန်းနဲ့ လုပ်မဲ့လူငယ်တွေကို စောင့်ကြည့်ဖို့ရယ်၊ ပဲပြုတ်နဲ့ နံပြားကျွေးမဲ့ အိမ်တွေကို မှတ်တမ်းတင်ဖို့ စည်းကမ်းချက်အသစ် တိုးလာတယ်" ဟု အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။


စစ်ကောင်စီ၏ ညွှန်ကြားချက်များအရ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများနှင့် ပန်းခြံများတွင် အရပ်ဝတ်များဖြင့် နံနက် ၆ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်ရမည်ဖြစ်ပြီး စစ်တပ်၊ ရဲနှင့် ထွေအုပ် ပူးပေါင်းအဖွဲ့များက လုံခြုံရေးယူကာ ကားပေါ်တွင် တူညီဝတ်စုံ ဝတ်ဆင်ထားသူများကို တွေ့ရှိပါက တားဆီးစစ်ဆေးရန်နှင့် ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်မည့် ဆန္ဒပြကမ်ပိန်းများကို အထူးစောင့်ကြည့်ရန် ညွှန်ကြားထားသည်။ 


ထို့အပြင် စောင့်ကြည့်လုံခြုံရေးယူနေစဉ်အတွင်း အင်တာနက်ကို အမြဲဖွင့်ထားရမည့်အပြင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူများကို အချိန်မီ ဖမ်းဆီးနိုင်ရေးအတွက် အွန်လိုင်းစောင့်ကြည့်မှုများပါ ပြုလုပ်ရန် စသည်တို့ကို တင်းကျပ်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။


စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ရက်ကြီးအခါကြီးများတွင် ဖမ်းဆီးရန် ကြိုတင်စီစဉ်နေကျဖြစ်သဖြင့် ယခုလုပ်ရပ်မှာ မထူးဆန်းကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။ 


"စစ်တပ်က အသက်မဲ့တဲ့ ဗိုလ်ချုပ်ရုပ်တုတောင် ကြောက်ပြီး လိုက်ဖြိုချနေတာ။ အသက်ရှိနေတဲ့လူတွေက ဗိုလ်ချုပ်ကို ဂုဏ်ပြုမှာ ပိုကြောက်တာပေါ့။ အာဏာသိမ်းပြီးကတည်းက နည်းလမ်းမျိုးစုံနဲ့ လူထုကို ဖမ်းဆီးနေတာ ဆိုတော့ မထူးဆန်းပါဘူး" ဟု ၎င်းက ဆိုသည်။


စစ်ကောင်စီခေါင်းဆောင်များသည် အာဇာနည်နေ့ အခမ်းအနားကို မလွှဲမရှောင်သာ ကျင်းပနေရသော်လည်း ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့ရှိ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို လိုက်လံဖြိုချဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။ 


ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့သည့် (၇၄) နှစ်မြောက် အာဇာနည်နေ့မှစတင်ကာ လက်ရှိအချိန်ထိ ဖမ်းဆီးထောင်ချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အာဇာနည်နေ့တွင် လာရောက်ဂါရဝပြုခွင့်ကို လုံးဝပိတ်ပင်ထားဆဲ ဖြစ်သည်။


Comments


bottom of page