ရန်ကုန်မြို့ ကမ်းနားလမ်းအနီးတွင် ဆိုက်ကားနင်းနေစဉ် ဆိုက်ကားဆရာတစ်ဦး ရုတ်တရက် သေဆုံး
- Horizons News

- 6 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၂ ၊ Horizons

ရန်ကုန်မြို့၊ ကမ်းနားလမ်းအနီးတွင် ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက်အစောပိုင်းက ဆိုက်ကားဆရာတစ်ဦး ဆိုက်ကားနင်းနေစဉ် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်ခန့်ရှိ အဆိုပါ ဆိုက်ကားဆရာသည် ခရီးသည်ပါဝင်ခြင်းမရှိဘဲ ဆိုက်ကားနင်းလာစဉ် လမ်းမပေါ်၌ပင် ဦးခေါင်းငိုက်စိုက်ကျကာ ရုတ်တရက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက "လမ်းမပေါ်မှာပဲ ဖြစ်သွားတာ။ ခရီးသည်တော့ မပါဘူး။ နင်းနေရင်းနဲ့ ဆိုက်ကားလက်ကိုင်ရှေ့ ခေါင်းငိုက်စိုက်ကျသွားတာ" ဟု ပြောပြသည်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူများ၏ အဆိုအရ သေဆုံးသူသည် ၎င်းကမ်းနားလမ်းတစ်ဝိုက်တွင် ပုံမှန် ဆိုက်ကားပြေးဆွဲနေသူဖြစ်ပြီး ကနဦးစစ်ဆေးချက်များအရ ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။ လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်စဉ်နှင့် ပတ်သက်၍ အခြေခံလက်လုပ်လက်စားများမှာ ကျန်းမာရေးမကောင်းမွန်သော်လည်း မိသားစုဝမ်းရေးအတွက် မနားတမ်း ရုန်းကန်နေရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၅ သန်းကျော်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ် (World Bank) က ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။



Comments