လောင်းရှည်အနီး စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်း မိုင်းဆွဲခံရကာ ၃ ဦးသေဆုံးပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်ကို မီးရှို့လက်တုံ့ပြန်
- Horizons News

- 3 days ago
- 1 min read
ဆော ၊ ဇူလိုင် ၁၅ ၊ Horizons

ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကူဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် စလင်းမြို့နယ်ဘက်မှတစ်ဆင့် လောင်းရှည်မြို့သို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ဆောမြို့ဘက်သို့ ထွက်ခွာလာသော အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းသည် ကာက (ကံလှ) ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းတွင် ဖောကား (၅) စီး ပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးကာ (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည့်အပြင် ဖောကားတစ်စီးလည်း ချောင်းထဲသို့ ထိုးကျနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သားများသည် ညပိုင်းတွင် ကာက (ကံလှ) ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက အတည်ပြုသည်။
မိုင်းထိပြီး အကျအဆုံးရှိသဖြင့် စစ်ကောင်စီတပ်က ညပိုင်းတွင် ကာကရွာထဲက အိမ်တစ်လုံးကို မီးရှို့သွားကြောင်းနှင့် လတ်တလောတွင် အဆိုပါစစ်ကြောင်းမှာ တောင်ဘို့ကြီးရွာဘက်သို့ ရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယခု တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကူပေးရန် စေလွှတ်လိုက်သည့် ဒုတိယအကြိမ်မြောက် စစ်ကြောင်းဖြစ်ကြောင်းလည်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းသို့ ပထမအကြိမ် ထိုးစစ်ဆင်ခဲ့သည့် အင်အား ၁,၅၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပြင်းပြင်းထန်ထန် ခုခံမှုကြောင့် အကျအဆုံးများပြားကာ ရှေ့မတိုးနိုင်ဘဲ လန်ကျနေသဖြင့် စစ်ကောင်စီဘက်က ယခုကဲ့သို့ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းကာ ဒုတိယအကြိမ် ထိုးစစ်ဆင်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။



Comments