လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး ရေကြီး၊ မြေပြိုမှုအန္တရာယ်များ သတိပြုရန် နှိုးဆော်
- Horizons News

- 5 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons

လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အနောက်တောင်မုတ်သုံလေ အားကောင်းမှုတို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း လူမှုရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် သတိပေး ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်နှင့် ပတ်သက်သည့် ရာသီဥတုအခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေမှာ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား (West Bengal) ပြည်နယ်နှင့် ဩဒိဿ (Odisha) ပြည်နယ် ကမ်းရိုးတန်းဒေသအနီးတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်သည်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ မိုးကြီးခြင်း၏ နောက်ဆက်တွဲအန္တရာယ်များဖြစ်သည့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုအန္တရာယ်များကို ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် အထူးသဖြင့် တောင်ကျချောင်းရေ စီးဆင်းနိုင်သည့် ဒေသများတွင် ခရီးသွားလာခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းများကို သတိပြုဆင်ခြင်ကြရန် ဝန်ကြီးဌာနက အလေးအနက် အသိပေး နှိုးဆော်ထားသည်။



Comments