top of page
Logo-Icon.png

သွင်းကုန်လိုင်စင်မရှိဘဲ ကုန်ပစ္စည်းတင်သွင်းပါက ဒဏ်ကြေး ၃ ဆ၊ ပစ္စည်းသိမ်းဆည်းမည့်အပြင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်မည်ဟု စစ်ကောင်စီ ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် ၁၂ ၊ Horizons



သွင်းကုန်လိုင်စင်၊ ပါမစ် သို့မဟုတ် ကြေညာလွှာမရှိဘဲ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းလာပါက ကုန်ပစ္စည်းတန်ဖိုး၏ ၃ ဆအထိ ဒဏ်ကြေးတပ်ရိုက်ခြင်း၊ ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်းများအပြင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အသစ်ထုတ်ပြန် ကြေညာလိုက်သည်။


စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ ကို ထုတ်ပြန်ခဲ့ပြီး ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပြစ်ဒဏ်များကို ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်။ 


ယင်းအမိန့်သစ် ထွက်ပေါ်လာမှုနှင့်အတူ ယခင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာများဖြစ်သည့် ၆/၂၀၁၇၊ ၄၀/၂၀၂၃၊ ၁၁၅/၂၀၂၅ နှင့် ၅၁/၂၀၂၆ တို့ကို ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ ပယ်ဖျက်ကာ လုပ်ထုံးလုပ်နည်းသစ်များဖြင့် အစားထိုးလိုက်ကြောင်း သိရသည်။


ယခုထုတ်ပြန်လိုက်သည့် အမိန့်အသစ်အရ လိုင်စင်မပါရှိဘဲ တင်သွင်းပါက ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ စည်းကြပ်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးချမှတ်မည်ဖြစ်ပြီး အချို့သော ကန့်သတ်ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်သည်။ 


ထို့ပြင် စည်းကမ်းချိုးဖောက်မှုများအတွက် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၁) အရ တရားစွဲဆိုကာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်မည်ဟု ဆိုသည်။


ယင်းကဲ့သို့ တင်းကျပ်လိုက်မှုနှင့်ပတ်သက်၍ "ဒဏ်ကြေးတွေ ပိုမြင့်လာတယ်။ သွင်းကုန်တင်သွင်းမှုကို ပိုပြီးတော့ တင်းကျပ်လာတယ်။ ပစ္စည်းသိမ်း၊ ဒဏ်ရိုက်မယ့်အပြင် ထောင်ပါချမယ်ဆိုတာမျိုး ပြောလာတာ။ အခြေအနေက ပိုပြီး ဆိုးလာတာပါ" ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။ 


စစ်ကောင်စီက ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့/တင်သွင်းခွင့် လုံးဝမပြုဘဲ၊ ကန့်သတ်ကုန်ပစ္စည်းများကို လိုင်စင် သို့မဟုတ် ပါမစ်ရရှိပြီးမှသာ တင်ပို့/တင်သွင်းရန် သတ်မှတ်ထားသည်။


ကုန်ပစ္စည်းတင်သွင်းမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ဒဏ်ကြေးများအနေဖြင့် ကုန်ပစ္စည်းတိုင်းတွင် အမှတ်တံဆိပ်နှင့် ပင်ရင်းနိုင်ငံကို တိကျစွာ ဖော်ပြထားရမည်ဖြစ်ပြီး တင်သွင်းလာသော ကုန်ပစ္စည်းများသည် သွင်းကုန်လိုင်စင်၊ ပါမစ်၊ ကြေညာလွှာပါ အချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။ 


အမှတ်တံဆိပ် သို့မဟုတ် ပင်ရင်းနိုင်ငံ မပါရှိသော ယာဉ်နှင့် ယန္တရားများကို သိမ်းဆည်းမည်ဖြစ်ပြီး အထွေထွေကုန်ပစ္စည်းများကို တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း (သို့) ၅၀ ရာခိုင်နှုန်း ဒဏ်ရိုက်မည်ဖြစ်သည်။


အဓိကအမှတ်တံဆိပ်နှင့် အမှတ်တံဆိပ်ခွဲ ကွဲလွဲပါက ယာဉ်နှင့် ယန္တရားများကို တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းများကို ၂၅ ရာခိုင်နှုန်း ဒဏ်ရိုက်မည်ဖြစ်သည်။ ယာဉ်နှင့် ယန္တရားများ၏ ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ထက် နိမ့်ပါက သိမ်းဆည်းမည်ဖြစ်ပြီး၊ ကွဲလွဲမှုရှိပါက တန်ဖိုးပေါ်မူတည်၍ ဒဏ်ရိုက်မည်ဖြစ်သည်။ 


ဝင်ဆံ့ပမာဏ၊ အလေးချိန်နှင့် အတိုင်းအတာများ ကွဲလွဲပါက တစ်တန်လျှင် ငွေကျပ် ၅ သိန်း (သို့မဟုတ်) စည်းကြပ်တန်ဖိုးပေါ် အခြေခံ၍ ဒဏ်ရိုက်မည်ဖြစ်ကာ လျှပ်စစ်ကားများ၏ ဘက်ထရီနှင့် မော်တာစွမ်းရည် ကွဲလွဲမှုအတွက် အပေါင်း/အနုတ် ၃ အတွင်းသာ ဒဏ်ကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။


ကုန်ပစ္စည်းများ လိုင်စင်ခွင့်ပြုချက်မရမီ ကြိုတင်ရောက်ရှိလာပါက ၁၅ ရက်အတွင်း ဒဏ်ကြေးလွတ်ကင်းမည်ဖြစ်ပြီး ၁၆ ရက်မှ ၆၀ ရက်အထိ ရက်အလိုက် ဒဏ်ကြေးများ တိုးမြှင့်ကောက်ခံကာ ၆၁ ရက်နှင့်အထက် ကျော်လွန်ပါက ပစ္စည်းသိမ်းဆည်းမည်ဖြစ်သည်။ 


အလားတူ လိုင်စင်သက်တမ်းကျော်လွန်မှ ရောက်ရှိလာပါကလည်း ၇ ရက်အတွင်းသာ ဒဏ်ကြေးလွတ်ကင်းမည်ဖြစ်ပြီး ၈ ရက်မှ ၃၀ ရက်အထိ ဒဏ်ကြေးချမှတ်ကာ ၃၁ ရက်နှင့်အထက် ကျော်လွန်ပါက ပစ္စည်းသိမ်းဆည်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



သွင်းကုန်များသာမက ပို့ကုန်များနှင့် ပတ်သက်၍လည်း ပင်ရင်းနိုင်ငံ ကွဲလွဲခြင်း၊ အရည်အသွေး၊ အတိုင်းအတာ၊ အမျိုးအစား ကွဲလွဲခြင်း၊ လိုင်စင်စာရွက်စာတမ်း မကိုက်ညီခြင်းနှင့် ခွင့်ပြုချက်ထက် ကျော်လွန်တင်ပို့ခြင်းတို့အတွက် စည်းကြပ်တန်ဖိုးအပေါ် အခြေခံ၍ ဒဏ်ကြေးများ ချမှတ်သွားမည်ဖြစ်သည်။


ထို့ပြင် ပို့ကုန်လိုင်စင်၊ ပါမစ်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထား မပါရှိဘဲ တင်ပို့ပါက ကုန်ပစ္စည်းများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။


 စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချရန်အတွက် ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှုမှန်သမျှကို တင်းကျပ်စွာ ပိတ်ဆို့ပြီး ပို့ကုန်ကိုသာ အဓိကထား တင်ပို့မည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။


Comments


bottom of page