သံဖြူဇရပ်မြို့တွင် လေပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အဆောက်အအုံ ၄၀ ကျော် ပျက်စီးဆုံးရှုံး
- Horizons News

- 7 days ago
- 1 min read
သံဖြူဇရပ် ၊ ဇူလိုင် ၁၁ ၊ Horizons

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ အဆောက်အအုံပေါင်း ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၇ နာရီဝန်းကျင်အချိန်ခန့်တွင် သံဖြူဇရပ်မြို့ရှိ အောင်ဇေယျရပ်ကွက်၊ အောင်ကုသိုလ်ရပ်ကွက်နှင့် ဝယ်ကဝါကျေးရွာတို့၌ လေပြင်းဒဏ်ကို အပြင်းအထန် ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့သော်လည်း နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘုရားဝင်းအတွင်းရှိ သာသနိကအဆောက်အအုံများ စုစုပေါင်း ၄၀ ကျော်ခန့်မှာ အမိုးလန်ပြိုကျ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သည့် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်အထိ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ လာရောက်ကူညီထောက်ပံ့ပေးခြင်း မရှိသေးကြောင်း သိရသည်။ သို့သော် မြို့ခံပရဟိတအသင်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းကာ လဲကျနေသည့် သစ်ပင်များနှင့် အပျက်အစီးများကို ယနေ့နံနက်အစောပိုင်းကတည်းက တက်ကြွစွာ ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားပေးခဲ့ကြသည်။
ယခုတစ်ပတ်အတွင်း မွန်ပြည်နယ်၏ သဘာဝဘေးအန္တရာယ် အခြေအနေမှာ စိုးရိမ်စရာဖြစ်နေပြီး ပေါင်၊ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သောကြောင့် ပြည်သူများ၏ အိုးအိမ်အဆောက်အအုံပေါင်း ၁၅၀ ဝန်းကျင်ခန့်အထိ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ထားရကြောင်း သိရသည်။









Comments