သမိုင်းလမ်းဆုံရှိ စစ်ကောင်စီဘန်ကာတွင် ဖုန်းစစ်ဆေးပြီး ငွေကျပ် ၅ သောင်း ညှစ်ယူကာ အမျိုးသမီးငယ်များကိုပါ စော်ကားနေ
- Horizons News

- Jul 9
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၉ ၊ Horizons

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် လုံခြုံရေးအကြောင်းပြ ချထားသည့် စစ်ကောင်စီ ဘန်ကာစောင့် စစ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို အကြောင်းမဲ့ တားဆီးစစ်ဆေးကာ ငွေကြေးအဓမ္မ တောင်းခံခြင်းနှင့် အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက သမိုင်းလမ်းဆုံရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာများကို တားဆီး၍ ဖုန်းများကို လိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးရာတွင် ဖုန်းအတွင်း နိုင်ငံရေးနှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ပြည်သူများထံမှ ငွေကျပ် ငါးသောင်းကို အတင်းအဓမ္မ တောင်းခံခဲ့သည်။
ယင်းသို့ မတရား ငွေကြေးတောင်းခံမှုအပေါ် ပြည်သူတစ်ဦးက တောင်းပိုင်ခွင့် ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဘန်ကာအတွင်းမှ အခြားစစ်သားတစ်ဦး ထွက်လာပြီး အဆိုပါ ပြည်သူကို ကိုယ်ထိလက်ရောက် ထိုးကြိတ် အနိုင်ကျင့်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် အဆိုပါ စစ်သားများသည် လမ်းသွားလမ်းလာ ချစ်သူစုံတွဲများကို အဓိက ပစ်မှတ်ထား ခေါ်ယူလေ့ရှိပြီး ဖုန်းစစ်ဆေးကာ ငွေကြေးတောင်းခံသည့်အပြင် အတူပါလာသည့် အမျိုးသမီးငယ်များကိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများ ပြုလုပ်လျက်ရှိသည်။
ဖုန်းထဲတွင် ဘာမှမတွေ့လျှင်ပင် ငွေကျပ် ၅ သောင်း တောင်းခံလေ့ရှိကြောင်း၊ မေးခွန်းထုတ်သူများကို ရိုက်နှက်တတ်ကြောင်းနှင့် အမျိုးသမီးငယ်များမှာလည်း လက်နက်ကိုင်များ ဖြစ်သဖြင့် ကြောက်ရွံ့ကာ ဘာမှပြန်မပြောရဲဘဲ ငြိမ်ခံနေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ၎င်းတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သည့် လုပ်ရပ်များကို ရင်ဖွင့်ပြောဆိုထားသည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့၏ အချက်အချာကျသော လမ်းဆုံလမ်းခွများတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဘန်ကာများ ဆောက်လုပ်ကာ စစ်သားများကို နေရာချထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ မြေပြင်အခြေအနေများအရ အဆိုပါ ဘန်ကာများသည် လုံခြုံရေးအတွက် မဟုတ်တော့ဘဲ လမ်းသွားလမ်းလာ ပြည်သူများအား လက်နက်အားကိုးဖြင့် ငွေညှစ်ရန်၊ ဗိုလ်ကျရန်နှင့် အမျိုးသမီးငယ်များကို စော်ကားရန်အတွက် အသုံးပြုနေသည့် နေရာများအဖြစ် ပြောင်းလဲနေကြောင်း မြို့ခံပြည်သူများက ဝေဖန်ထောက်ပြလျက်ရှိသည်။



Comments