top of page
Logo-Icon.png

ဟိုင်းကြီးကျွန်း၊ မရမ်းကွင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးအသစ်နှင့် နယ်ထိန်းရဲတို့ ပူးပေါင်းကာ တရားမဝင်လုပ်ငန်းများလုပ်ကိုင်ပြီး ငွေကြေးအမြောက်အမြား ညှစ်ယူတောင်းခံနေ

ဧရာဝတီ ၊ ဇူလိုင် ၁၀ ၊ Horizons



ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ခွဲ၊ မရမ်းကွင်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်နှင့် နယ်ထိန်းရဲတို့ ပူးပေါင်းကာ တရားမဝင် သစ်စက်များ၊ လောင်းကစားဝိုင်းများဖွင့်လှစ်၍ လာဘ်ငွေယူခြင်းနှင့် စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကြေးအဆမတန် တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။


ယခင်က နေပြည်တော်မှ အထူးအဖွဲ့များ လာရောက်ဖျက်ဆီးပိတ်သိမ်းခဲ့သည့် တရားမဝင်သစ်စက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် အောင်ဇော်မိုး၊ ဦးအောင်ဝ နှင့် ဦးညီကြီးတို့က ဟိုင်းကြီးကျွန်းအခြေစိုက် စစ်ဌာနချုပ်မှ တာဝန်ရှိသူအချို့နှင့် ပူးပေါင်းကာ လက်ရှိတွင် အကြီးအကျယ် ပြန်လည်လည်ပတ်နေခြင်းဖြစ်သည်။ 


ယင်းသို့ တရားမဝင် သစ်ထုတ်လုပ်နေမှုများကြောင့် ပတ်ဝန်းကျင် တောတောင်များရှိ သစ်ပင်ကြီးငယ်များ ပြုန်းတီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။


၎င်းအပြင် မရမ်းကွင်းကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းပေါင်းစုံကို ဥက္ကဋ္ဌအသစ် အောင်ဇော်မိုးက ကိုယ်တိုင်ခွင့်ပြုပေးထားပြီး ၎င်းနှင့် နယ်ထိန်းရဲ မြတ်သူအောင်တို့ ပူးပေါင်းကာ အဆိုပါ လောင်းကစားဝိုင်းများနှင့် သစ်စက်များထံမှ လစဉ် လိုင်းကြေးနှင့် ရန်ပုံငွေများ အတင်းအဓမ္မ တောင်းခံလျက်ရှိသည်။


တာဝန်ကျသည်မှာ တစ်လပင်မပြည့်သေးသည့် အုပ်ချုပ်ရေးမှူးသစ်သည် ကျေးရွာအတွင်း အမျိုးအဆွေ စိတ်ဝမ်းကွဲမှုများအပေါ် အခွင့်ကောင်းယူကာ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိရန်ဟုဆိုပြီး တစ်အိမ်ထောင်လျှင် လစဉ် ကျပ်တစ်သိန်းအထိ ကောက်ခံနေကြောင်း သိရသည်။


ယင်းကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက " ယခင် အုပ်မှူးလက်ထက်က စစ်မှုထမ်းကိစ္စအတွက် တစ်အိမ်ထောင်ကို ၃၀,၀၀၀ ကျပ်သာ ကောက်ခဲ့ပေမယ့် အခုအုပ်မှူးအသစ်က ငွေပမာဏတိုးမြင့်ကောက်ခံလာတာပါ။ မရမ်းကွင်းကျေးရွာမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့အတွက် လစဉ် ငွေကျပ်သိန်းပေါင်းများစွာ ကောက်ခံရရှိနေပြီး ဒီလောက်များပြားတဲ့ငွေကြေးကို နွမ်းပါးတဲ့ကျေးရွာသားတွေအနေနဲ့ မတတ်နိုင်ကြပါဘူး" ဟု ပြောကြားခဲ့သည်။


အာဏာပိုင်အချို့နှင့် ပူးပေါင်းကာ ကိုယ်ကျိုးရှာနေသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နယ်ထိန်းရဲတို့၏ မတရားငွေကြေးတောင်းခံသည့် လုပ်ရပ်များကြောင့် မရမ်းကွင်းကျေးရွာအုပ်စုအတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ဒေသခံပြည်သူများမှာ ကြီးမားသော လူမှုစီးပွားကျပ်တည်းမှု အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။


Comments


bottom of page