top of page
Logo-Icon.png

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောတွေ့ဆုံပွဲကို အာဆီယံဥက္ကဋ္ဌ ဦးဆောင်ကျင်းပမည်

မနီလာ ၊ ဇူလိုင် ၁၁ ၊ Horizons




ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူ မာရီယာ ထရီဆာ ပီ လာဇာရို (Ma. Theresa P. Lazaro) သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့၏ အလွတ်သဘောတွေ့ဆုံပွဲတစ်ရပ်ကို လာမည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဦးဆောင်ကျင်းပသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။


အဆိုပါ တွေ့ဆုံပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ကက်ကောင် (Sihasak Phuangketkeow) က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။


ယခုကျင်းပမည့် အလွတ်သဘောတွေ့ဆုံပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံတို့အကြား ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်သည်။


ယင်းတွေ့ဆုံပွဲသည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) မူဝါဒများနှင့်အညီ အပြုသဘောဆောင်ပြီး ခိုင်မာသော ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးများအား တာဝန်ပေးအပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။


မြန်မာနိုင်ငံသည် အာဆီယံမိသားစု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း မှတ်ချက်ပြုလျက် နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ဦးတင်မောင်ဆွေ၏ ရှင်းလင်းတင်ပြချက်ကို နားထောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဘုံသဘောတူညီချက် (၅) ရပ်တွင် ဖော်ပြထားသည့်အတိုင်း အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူများအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးစသည့် အဓိကစိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်မည့် ခိုင်မာသော ခြေလှမ်းများနှင့် မြန်မာနိုင်ငံအပေါ် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုဆိုင်ရာ အမြင်များကိုလည်း မျှော်လင့်ထားသည့်အတိုင်း အပြန်အလှန် ဖလှယ်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



Comments


bottom of page