top of page
Logo-Icon.png

“အာဇာနည်တိုင်း သမိုင်းမသေ” ဆောင်ပုဒ်ဖြင့် စစ်ကိုင်းတိုင်းတွင် (၇၉) နှစ်ပြည့် အာဇာနည်နေ့အကြို အခမ်းအနား ကျင်းပ

ဆားလင်းကြီး ၊ ဇူလိုင် ၁၈ ၊ Horizons



စစ်ကိုင်းတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလ ပြည်သူ့အခြေပြုကျောင်းတစ်ခုတွင် “အာဇာနည်တိုင်း သမိုင်းမသေ” ဟူသော ဆောင်ပုဒ်ဖြင့် (၇၉) နှစ်ပြည့် အာဇာနည်နေ့အကြို အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့ကြောင်း ယင်းမာပင်မြို့နယ် သပိတ်အင်အားစုများထံမှ သိရသည်။


အဆိုပါ အခမ်းအနားကို ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) တွင် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။



အခမ်းအနားတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပေးဆပ်မှုများနှင့် ထိုက်တန်သော ရလဒ်ကောင်းများ ပေါ်ထွက်လာရန် အလွန်အရေးကြီးကြောင်းနှင့် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် စစ်ကောင်စီတပ်ကို အလဲထိုးတိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။


လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ပြုအောက်မေ့ဖွယ်ရာ ရုပ်ထုများကို လိုက်လံဖျက်ဆီးနေကြောင်း၊ ယင်းသို့ ပြုလုပ်နေခြင်းမှာ ပြည်သူလူထု၏ တော်လှန်မှုနှင့် ရဲရင့်မှုပုံရိပ်များကို ဖြိုချရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သပိတ်ခေါင်းဆောင်များက ထောက်ပြပြောဆိုသည်။


ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရဲရင့်မှုနှင့် အာဇာနည်များအပေါ် ချစ်မြတ်နိုးလေးစားမှုတို့သည် မိမိတို့၏ နှလုံးသားထဲတွင် အစဉ်အမြဲကိန်းအောင်း တည်ရှိနေသည်ကို သက်သေပြကြရန်နှင့် အာဇာနည်တို့၏ စိတ်ဓာတ်ကို အခြေခံကာ မိမိတို့ကျရာ အခန်းကဏ္ဍအသီးသီးမှ တော်လှန်ရေးတွင် ဆက်လက်ပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။


Comments


bottom of page