အာဏာသိမ်းစစ်တပ်ကို အပြတ်တိုက်မည်ဟု ကြွေးကြော်ထားသည့် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား KNLA စစ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်
- Horizons News

- 2 hours ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၈ ၊ Horizons

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်သစ်အဖြစ် အာဏာသိမ်းစစ်တပ်ကို အပြတ်တိုက်မည်ဟု ကြွေးကြော်ထားသူ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။
KNLA ၏ လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်ဟဲမှာ ကျန်းမာရေးအခြေအနေကြောင့် တာဝန်များကို ဆက်လက်မထမ်းဆောင်နိုင်တော့သဖြင့် KNU ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဆက်လက်၍ စစ်ဦးစီးချုပ် တာဝန်လွှဲပြောင်းရေး လုပ်ငန်းစဉ်များကို အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
KNLA စစ်ဦးစီးချုပ်အသစ် ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲသည် လက်ရှိတွင် အသက် (၆၂) နှစ်ရှိပြီဖြစ်ပြီး KNLA တပ်မဟာ (၅) နယ်မြေဖြစ်သော ဖာပွန်ဒေသ၊ တံခွန်တိုင်ကျေးရွာသား ကရင်တိုင်းရင်းသားတစ်ဦး ဖြစ်သည်။
၎င်းသည် ၁၉၈၂ ခုနှစ်ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော် စစ်မှုထမ်းသက်တမ်း ရှိခဲ့သူဖြစ်သည်။
တော်လှန်ရေးကာလတစ်လျှောက် ကရင်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြ၏ ရုံးခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရှေ့တန်းစစ်မျက်နှာများဖြစ်သည့် KNLA တပ်ရင်း (၂) နှင့် နယ်စပ်ဒေသများတွင်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် KNLA ကွန်မန်ဒို အထူးစစ်ဆင်ရေးသင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပြီး မာနယ်ပလောဌာနချုပ် ကျဆုံးပြီးနောက်ပိုင်းတွင် တပ်မဟာ (၅) အထူးစစ်ဆင်ရေး တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ KNLA ဒုတိယစစ်ဦးစီးချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲသည် ကိုယ်ကျိုးစီးပွား ရှုပ်ထွေးမှုကင်းရှင်းကာ စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ထုတ်မည့် ခိုင်မာသော ရပ်တည်ချက်ရှိခြင်းကြောင့် ကရင်ပြည်သူများအကြား အလွန်ရေပန်းစား လေးစားခံရသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် KNLA တပ်မဟာ (၅) အနေဖြင့် သံလွင်မြစ်ဝှမ်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရာနှုန်းပြည့် တိုက်ထုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။



Comments