အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကိုယ်တိုင် အကာအကွယ်ပေးနေသည့် စစ်ကောင်စီက DKBA ကို ကျားဖြန့်ကိစ္စ မပတ်သက်ရန် ဟန်ပြတိုက်တွန်း
- Horizons News

- Jul 10
- 1 min read
နေပြည်တော် ၊ ဇူလိုင် ၁၀ ၊ Horizons

အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် အကာအကွယ်ပေး လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်ကောင်စီသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အား အဆိုပါလုပ်ငန်းများတွင် မပတ်သက်ရန် နေပြည်တော်၌ ခေါ်ယူကာ ဟန်ပြ သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် DKBA စစ်ဦးစီးချုပ် စောရွှေဝ တို့ တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း မြေပြင်တွင်မူ ၎င်းတို့၏ လက်အောက်ခံတပ်များနှင့် စစ်တပ်ကျောထောက်နောက်ခံပြု အဖွဲ့များက ကရင်ပြည်နယ်အတွင်း ကျားဖြန့်လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေခြင်းအပေါ် လျစ်လျူရှုထားကြောင်း တော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။
ထို့အပြင် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီက DKBA ထိန်းချုပ်ရာ ဆုံဆည်းမြိုင်-ဝေါလေ-ကျောက်ခက် ဒေသအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စာသင်ကျောင်းများ ဖွင့်လှစ်ပေးမည်ဟု မက်လုံးပေး ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် DKBA စစ်ဦးစီးချုပ် စောရွှေဝကမူ ၎င်းတို့အနေဖြင့် ပဋိပက္ခများကြားတွင် ကြားနေမူဝါဒကို ကျင့်သုံးကြောင်း တုံ့ပြန်ပြောဆိုခဲ့သော်လည်း စစ်ကောင်စီကမူ တော်လှန်ရေးအဖွဲ့များအား ၎င်းတို့နယ်မြေအတွင်း အခြေမချနိုင်စေရန် လွယ်လင့်တကူ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်က မတရား အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အဘက်ဘက်မှ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကို ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ခေါင်းစဉ်တပ်ကာ မက်လုံးပေး သိမ်းသွင်းရန် အသည်းအသန် ကြိုးပမ်းလျက်ရှိသည်။
သို့သော်လည်း စစ်ကောင်စီကိုယ်တိုင်က တရားမဝင် ကျားဖြန့်လုပ်ငန်းများမှ ရန်ပုံငွေရှာဖွေနေပြီး တော်လှန်ရေးအင်အားစုများကို ဖြိုခွင်းရန် နည်းလမ်းပေါင်းစုံ သုံးနေသည့်
လုပ်ရပ်များအပေါ် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလျက်ရှိသည်။
(Photo - MWD )



Comments