အိုးဘိုအကျဉ်းဦးစီးဌာနက နိုင်ငံရေးအကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်
- Horizons News

- Jul 11
- 1 min read
မန္တလေး၊ ဇူလိုင် ၁၁ ၊ Horizons

မန္တလေးတိုင်း၊ အိုးဘိုထောင်မှာ အကျဉ်းဦးစီးဌာန၊ အကစဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသား တွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး (AJF CC – MDY )က မနေ့ညက ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တွေအနေနဲ့ အိုးဘိုထောင်အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်း သားတွေရဲ့ အိပ်ဆောင်တွေကို ဝင်ပြီး ပါဆယ်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို မကျေနပ်လို့ ထောက်ပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက စစ်ကြော ရေးအတိုင်း အပြင်းထန်ရိုက်နှက်တာတွေ၊ လက်သီးနဲ့ ထိုးတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာနဘက်က နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်အကြမ်းဖက်သည့်အပေါ် ဆန့်ကျင်ကန့် ကွက်ခဲ့တဲ့လူထုလှုပ်ရှားမှုဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက သုံးဦးကို ငါးလ တိုက်ပိတ်ခဲ့ပါ တယ်။
ထောင်အရာရှိတွေက အချို့နိုင်ကျဉ်းတွေကို အခန်းပြောင်းပြီး စောင့်ကြည့်အနေအထား ထားထားသလို ဆူပူမှု ထပ်မံပြုလုပ်ဖို့ စည်းရုံးခဲ့ပေမယ့် လက်မခံကြောင်း ပြန်လည်ပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ရိုက်နှက်တာတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
ဒီအတင်းအဓမ္မရှာဖွေသိမ်းဆည်းတာ၊ ရိုက်နှက်အကြမ်းဖက်တာတွေနဲ့ အရေးယူဆောင်ရွက်မှုတွေကို အခြားပြစ်မှုနဲ့ အကျဉ်းကျခံနေရသူတွေအပေါ် ဆောင်ရွက်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသား တွေကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ပြီး ရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအထိ ရှိတယ်လို့ AJF CC – MDY က ဆိုပါတယ်။
AJF CC – MDY ထုတ်ပြန်ချက်မှာ အိုးဘိုထောင်အတွင်း ဆေးဝါး မလုံလောက်မှုတွေ ရှိနေပြီး လုံလောက် တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားနေတယ်လို့ ပါဝင်နေပါတယ်။
အိုးဘိုအကျဉ်းထောင်အရာရှိတွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်နေတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချတယ်လို့ AJF CC – MDY က ထုတ်ပြန်ထားပါတယ်။



Comments