အင်းတော်ကြီးဒေသရှိ စစ်ကောင်စီနှင့် SNA ပူးပေါင်းစခန်းကို KIA နှင့် KPDF မဟာမိတ်တပ်များ ပြန်လည်တိုက်ခိုက်သိမ်းပိုက်
- Horizons News

- 5 hours ago
- 1 min read
မိုးညှင်း ၊ ဇူလိုင် ၁၈ ၊ Horizons

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းတပ်စွဲထားရာ လုံးတုံစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းတွင် အောင်မြင်စွာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
လုံးတုံဒေသတွင် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့၌ နှစ်ရက်တိုင်တိုင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်များဘက်က စခန်းတစ်ခုကို ခေတ္တဆုတ်ခွာပေးခဲ့ရသော်လည်း ယနေ့ နံနက်အစောပိုင်းတွင် အချိတ်အဆက်မိမိဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"မနေ့ကတော့ ကိုယ့်ဘက်ကနေ တပ်စခန်းတစ်ခု ဆုတ်ပေးလိုက်ရတာ။ ဒီနေ့ မနက်အစောပိုင်းမှာမှ ကိုယ့်ဘက်ကနေ အချိတ်အဆက်မိမိနဲ့ ဝိုင်းပြီးတော့ ပိတ်ဆို့တိုက်ခိုက်တော့ ဒီကောင်တွေဘက်ကနေ အကျအဆုံးအများကြီးနဲ့ တပ်ဆုတ်ထွက်ပြေးသွားရတယ်" ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
လုံးတုံဒေသရှိ ရှမ်းနီတပ်ဖွဲ့များ အထိုင်ချထားသော စခန်းကုန်း (၂) ကုန်းအနက် (၁) ကုန်းကို မဟာမိတ်တပ်များက အပြတ်အသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲ (၂) ရက်တာအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြသဖြင့် ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်တွင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို မဟာမိတ်တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲအတွင်း KIA နှင့် KPDF ဘက်မှ ရဲဘော် (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် (၁) ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် ကျဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲအတွင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီနှင့် SNA တပ်ဖွဲ့ဝင်များကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှုပေးနေရကြောင်း သိရှိရပြီး အင်းတော်ကြီး အနောက်ဘက်ခြမ်းတွင် စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေဆဲဖြစ်သည်။









Comments