top of page
Logo-Icon.png

အင်းလေးကန်အတွင်း ရောဂါဖြင့်သေဆုံးသည့် ဝက်သေကောင်များကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်

အင်းလေး ၊ ဇူလိုင် ၁၄ ၊ Horizons



ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဝက်နာကျရောဂါဖြင့် သေဆုံးသွားသည့် ဝက်အသေကောင်များကို ရေထဲသို့ စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေခြင်းကြောင့် အင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ဝက်ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားနေပြီး နောက်ဆက်တွဲ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက အထူးစိုးရိမ်လျက်ရှိသည်။


ဒေသခံများ၏ ပြောပြချက်အရ အင်းလေးဒေသ မြောက်ပိုင်းရှိ ရေပေါ်ကျေးရွာအချို့တွင် သေဆုံးသွားသော ဝက်များကို မြေမြှုပ်ရန် နေရာအခက်အခဲရှိနေသဖြင့် အိတ်များဖြင့်ထုပ်ပိုးကာ ရေထဲသို့ စွန့်ပစ်နေကြခြင်းဖြစ်သည်။ ထိုဝက်အသေကောင်များသည် အင်းတောင်ပိုင်းရှိ စကားအင်းဘက်အထိ မျောပါသွားခဲ့ပြီး ရေထဲရှိ ငါးများကပါ ၎င်းဝက်သေကောင်များကို စားသောက်နေကြသည်ကို တွေ့ရှိရကြောင်း သိရသည်။


"ရောဂါနဲ့သေတဲ့ ဝက်တွေကို ရေထဲပစ်ချလိုက်တာက ဝက်တကောင်ရဲ့ ပြဿနာ မဟုတ်တော့ဘူး။ အင်းတစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ဖြစ်သွားပြီ။ အခုလို စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကို မထိန်းနိုင်ရင် နောက်ထပ် ဆုံးရှုံးမှုတွေ ဆက်ဖြစ်လာနိုင်တယ်" ဟု ဒေသခံတစ်ဦးက ၎င်း၏ စိုးရိမ်ပူပန်မှုကို ရင်ဖွင့်ပြောဆိုသည်။


အင်းမြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော အဆိုပါ ဝက်ရောဂါသည် ယခုအခါ အင်းတောင်ပိုင်း စကားအင်းအထိ ပြန့်နှံ့လာပြီး ကျေးရွာအချို့တွင် ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိနေသည်။ ဤအခြေအနေသည် ရေကို အခြေခံလုပ်ကိုင်နေရသည့် ငါးဖမ်းလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများအားလုံးကို ထိခိုက်လာနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။


ထို့အပြင် အင်းအနောက်ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာအချို့တွင် ဝက်သားစားသုံးပြီးနောက် အော့အန်ခြင်း၊ ဖျားနာခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် ဝက်အသေကောင်များကို ကိုင်တွယ်ခဲ့သူ အချို့တွင်လည်း ဖျားနာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ အဆိုပါရောဂါ လူသို့ ကူးစက်သည်ဟူသော အတည်ပြုချက် မရှိသေးသော်လည်း ကျန်းမာရေးအတွက် များစွာစိုးရိမ်ဖွယ် ဖြစ်နေသည်။


ထို့ကြောင့် အင်းလေးရေပြင်ကို မှီခိုအားထား အသုံးပြုနေကြရသည့် ဒေသခံပြည်သူများက ဤကဲ့သို့ ရောဂါဖြင့် သေဆုံးသော တိရစ္ဆာန်အသေကောင်များကို ရေထဲသို့ စွန့်ပစ်ခြင်းများ မပြုလုပ်ဘဲ စနစ်တကျ မြေမြှုပ်ဖျက်ဆီးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး လာရောက်ကူညီ စီမံဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုထားကြသည်။


Comments


bottom of page