အလုံမြို့နယ်တွင် လမ်းကူးနေသည့် အသက် (၇၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး YBS 144 ယာဉ်တိုက်မိပြီး ပွဲချင်းပြီးသေဆုံး
- Horizons News

- 3 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ လမ်းဖြတ်ကူးနေသည့် အသက် (၇၀) ကျော်အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို YBS 144 ဘတ်စ်ကားက ဝင်ရောက်တိုက်မိခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်းက အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ ဆင်မင်းဈေးကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ အဘွားသည် လူကူးမျဉ်းကြားအတိုင်း လမ်းဖြတ်ကူးနေစဉ် မောင်းနှင်လာသည့် YBS 144 ခရီးသည်တင်ယာဉ်က ရုတ်တရက် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
"အဘွားက ကားလမ်းကို ဖြတ်ကူးတဲ့အချိန် ကားက ဝင်တိုက်မိတာ။ အဲဒီအဘွားက လူကူးမျဉ်းကြားကနေ ကူးနေတာပါ။ ကားက ရုတ်တရက်ကြီး ဝင်တိုက်သွားတာဖြစ်တယ်" ဟု ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောဆိုသည်။ ယာဉ်တိုက်မှုကြောင့် အဘွားဖြစ်သူတွင် ညာဘက်လက် အသားပဲ့ထွက်ဒဏ်ရာနှင့် ဘယ်ဘက်ခြေသလုံး ကြွက်သားပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
သေဆုံးသူနှင့်အတူ ပါလာသည့် ပိုက်ဆံအိတ်နှင့် ဖုန်းတစ်လုံးအပါအဝင် ကိုယ်ပိုင်ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ သိမ်းဆည်းပေးထားပြီး အဆိုပါဖုန်းမှတစ်ဆင့် မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်းကြားနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။



Comments