top of page
Logo-Icon.png

၂၀၂၀ ရွေးကောက်ပွဲတွင် တရုတ် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ထရမ့် စွပ်စွဲ၊ အမေရိကန် ထောက်လှမ်းရေး တွေ့ရှိချက်များနှင့် ဆန့်ကျင်နေ

ဝါရှင်တန် ၊ ဇူလိုင် ၁၇ ၊ Horizons



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲတွင် တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ပြသနေသည့် ထောက်လှမ်းရေးအချက်အလက်များကို ဇူလိုင်လ ၁၆ ရက်နေ့က လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ထုတ်ပြန်ခဲ့သည်။ 


ယင်းသို့ထုတ်ပြန်မှုသည် ရွေးကောက်ပွဲရလဒ်ကို ပေကျင်းက ပြောင်းလဲခဲ့သည့် အထောက်အထားမတွေ့ရဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အကဲဖြတ်ထားမှုနှင့် ဆန့်ကျင်လျက်ရှိနေသည်။


(၂၅) မိနစ်ကြာ ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲလုံခြုံရေးကိစ္စကို နိုင်ငံရေးအဓိကအကြောင်းအရာတစ်ခုအဖြစ် ဖန်တီးရန် ထရမ့်၏ ကြိုးပမ်းမှုကို တွေ့မြင်ရသည်။


တရုတ်နိုင်ငံသည် မဲဆန္ဒရှင်များ၏ အမည်၊ လိပ်စာနှင့် မှတ်ပုံတင်ထားသည့် အချက်အလက်များအပါအဝင် အမေရိကန်မဲဆန္ဒရှင် အချက်အလက်ဖိုင် သန်း (၂၂၀) ကို တရားမဝင် ရယူခဲ့ကြောင်း ပြသသည့် အရေးကြီးအချက်အလက်များကို ၎င်းက လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ထုတ်ပြန်နေခြင်းဖြစ်သည်ဟု သမ္မတ ထရမ့်က ပြောကြားခဲ့သည်။


ထို့အပြင် တရုတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဝင်များက တမင်သက်သက် ဖုံးကွယ်ထားခဲ့ကြောင်းလည်း စွပ်စွဲခဲ့သည်။သို့သော် ၎င်း၏ စွပ်စွဲချက်များသည် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ အကဲဖြတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။


အဆိုပါ အကဲဖြတ်ချက်တွင် မည်သည့် ပြည်ပနိုင်ငံကမှ ၂၀၂၀ သမ္မတရွေးကောက်ပွဲ၏ မဲပေးမှု၊ မဲရေတွက်မှု သို့မဟုတ် ရလဒ်များကို ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်း သို့မဟုတ် အောင်မြင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။


ယင်းအကဲဖြတ်မှုကို ထိုစဉ်က ထရမ့်၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးဖြစ်ပြီး ယခုလက်ရှိ CIA ညွှန်ကြားရေးမှူးဖြစ်သူ ဂျွန် ရက်ကလစ်ဖ် လက်ထက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များကို ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ နားလည်မှုလွဲမှားစေနိုင်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူအချို့က ထရမ့်၏ မိန့်ခွန်းမတိုင်မီ စိုးရိမ်မှုများ ထုတ်ဖော်ခဲ့ကြသည်။ 


တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူချန် ကလည်း "တရုတ်နိုင်ငံအနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ ဘယ်တော့မှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိသလို နောင်လည်း စွက်ဖက်မှာ မဟုတ်ပါဘူး" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။


ထရမ့် ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းများထဲမှ အချို့မှာ အမေရိကန် ရွေးကောက်ပွဲ လုံခြုံရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့်လက ပြုစုထားသည့် ဗင်နီဇွဲလား ရွေးကောက်ပွဲနှင့်သာ သက်ဆိုင်သော CIA စာရွက်စာတမ်းများ ပါဝင်နေကြောင်း တွေ့ရသည်။


အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်အမတ် မာ့ခ်ဝါနာက "တရုတ်နဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ထိတ်လန့်ဖွယ် စွပ်စွဲချက်တွေက လုံးဝ အတုအယောင်တွေပါပဲ။ အမှန်တရားကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တရုတ်က မဲတစ်မဲကိုတောင် ပြောင်းလဲဖို့ မကြိုးစားခဲ့ဘူးဆိုတာကို ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအေဂျင်စီတွေက တညီတညွတ်တည်း သဘောတူထားပြီး ဖြစ်ပါတယ်" ဟု ဝေဖန်ခဲ့သည်။


လက်ရှိတွင် ထရမ့်သည် မဲဆန္ဒရှင်များ ဓာတ်ပုံပါ မှတ်ပုံတင်ပြသရန်နှင့် နိုင်ငံသားဖြစ်ကြောင်း သက်သေပြရန် တောင်းဆိုသည့် SAVE America Act ဥပဒေကြမ်းကို အတည်ပြုရန် ရီပတ်ဘလစ်ကန်များကို ဖိအားပေးလျက်ရှိသည်။


အခြားတစ်ဖက်တွင်လည်း ရီပတ်ဘလစ်ကန် ခေါင်းဆောင်အချို့က ထရမ့်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအကြောင်းကို အာရုံစိုက်နေမည့်အစား အီရန်စစ်ပွဲနှင့် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုစသည့် အမေရိကန်ပြည်သူများအတွက် အရေးကြီးသော ကိစ္စရပ်များကိုသာ အာရုံစိုက်သင့်ကြောင်း တိုက်တွန်းထားကြသည်။ 


အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ် ဂျွန်သွန်းကမူ မိမိတို့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲထက် ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

Comments


bottom of page