KNPP အထွေထွေအတွင်းရေးမှူးနှင့် KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးထုတ်ပြန်
- Horizons News

- 1 hour ago
- 1 min read
ဩဂုတ် ၃၁ ၊ Horizons

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခဲ့သည့် ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက ကြီးမားသောဝမ်းနည်းကြောင်းသဝဏ်လွှာများကို အသီးသီးထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရသည်။
အသက်(၆၁)နှစ်အရွယ်ရှိပြီဖြစ်သော ဦးအောင်ဆန်းမြင့်သည် ပြီးခဲ့သည့်ဩဂုတ်လ(၃၀ ရက်)မွန်းလွဲပိုင်းအချိန်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏မိသားစုဝင်များ၊ KNPP ပါတီနှင့် တစ်မျိုးသားလုံးနှင့်အတူ ကရင်နီပြည်သူများနှင့်ပါ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ထုတ်ပြန်ချက်များတွင်ဖော်ပြထားကြသည်။
NUG ၏ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဦးအောင်ဆန်းမြင့်သည် အကြမ်းဖက်စစ်အာဏာရှင်စနစ်အမြစ်ပြတ်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြားရပ်တည်ကာ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်တစိုက်အားပေးတိုက်တွန်းခဲ့သူတစ်ဦးဖြစ်ကြောင်း ချီးကျူး ဖော်ပြထားသည်။
ထို့အပြင် ကရင်နီလူမျိုးများ၏တရားဝင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်တန်းတူညီမျှရေး အခွင့်အရေးများအတွက် တစ်သက်တာလုံးရပ်တည်ပေးဆပ်ခဲ့သည့် ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် NUG က လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ထားသည်။
(CRPH) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) တို့ကလည်း ဦးအောင်ဆန်းမြင့်သည် လက်ရှိနွေဦးတော်လှန်ရေးအောင်မြင်ပြီးမြောက်ရေးအတွက် မဟာမိတ် အင်အားစုအပေါင်းနှင့်လက်တွဲကာ အစွမ်းကုန်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သူဖြစ်သဖြင့် ယခုကဲ့သို့ ကွယ်လွန်သွားခြင်းသည် တော်လှန်ရေးအင်အားစုများအတွက် အစားမထိုးနိုင်တော့မည့်ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း ဖော်ပြကြသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ဘက်ကလည်း ဦးအောင်ဆန်းမြင့်အနေဖြင့် ကရင်နီပြည်၏နိုင်ငံရေး လမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှဦးဆောင်ပါဝင်ခဲ့မှုများကို အထူးပင်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။
အထူးသဖြင့်ကရင်နီပြည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ (KnSCDC) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းနှင့် (KSDC) ကျောင်းကို စတင်တည်ထောင်ရာတွင် အဓိကဦးဆောင်ပါဝင်ခဲ့ခြင်း စသည့် သမိုင်းဝင်တာဝန်ထမ်းဆောင်မှုများကို IEC နှင့် KNDF တို့က အလေးအနက် ထည့်သွင်းဖော်ပြခဲ့ကြသည်။
ဦးအောင်ဆန်းမြင့်သည် KNPP ပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန်အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်လည်း တက်ကြွစွာပါဝင်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပေသည်။
ယခုကဲ့သို့ ကွယ်လွန်သွားခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH၊ NUCC၊ SCEF၊ IEC၊ KNDF နှင့် CTUM အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ကရင်နီဒေသတွင်း အဖွဲ့အစည်းအသီးသီးတို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများအသီးသီးပေးပို့ခဲ့ကြပြီး ၎င်း၏ နိုင်ငံရေးဦးဆောင်မှုများနှင့် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် တစ်သက်တာလုံးရပ်တည် ကြိုးပမ်းပေးခဲ့မှုမှန်သမျှကို ထာဝစဉ်လေးစားဂုဏ်ပြုမှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားကြသည်။
ဦးအောင်ဆန်းမြင့်ကွယ်လွန်သွားခြင်းသည် ကရင်နီဒေသတွင်းနိုင်ငံရေးအပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွဲပူးပေါင်းနေကြသည့် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအတွက်ပါ အလွန်တရာအရေးပါလှသော ခေါင်းဆောင်ကောင်း တစ်ဦးကိုဆုံးရှုံးလိုက်ရခြင်းဖြစ်ပေသည်။
Photo - KNPP



Comments