မြန်မာနိုင်ငံတစ်ဝန်း လာမည့်တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအချို့တွင် မိုးကြီးကာ ရေကြီးမြေပြိုအန္တရာယ် ရှိနိုင်သဖြင့် အထူးသတိပြုကြရန် သတိပေး
- Horizons News

- 1 hour ago
- 1 min read
ဩဂုတ် ၃၁ ၊ Horizons

ဩဂုတ်လ(၃၁ ရက်)နေ့မှ စက်တင်ဘာလ(၆ ရက်) နေ့အထိ တစ်ပတ်တာ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အနောက်တောင်မုတ်သုံလေအားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းအားကောင်းလာခြင်းတို့ကြောင့် မိုးထစ်ချုန်း ရွာသွန်းမှုများ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းချက်များက သတိပေး ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့၌ တိမ်အသင့်အတင့်မှတိမ်ထူထပ်လျက်ရှိပြီး မြန်မာ့ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင်တစ်လျှောက်တွင် အနောက်တောင် မုတ်သုံလေမှာ အားကောင်းရာမှအားအလွန်ကောင်းမွန်လာနိုင်သည့်အနေအထားတွင် ရှိနေသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်၊ အိုဒီရှာပြည်နယ်ကမ်းရိုးတန်းမြောက်ပိုင်းတို့အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာလည်း ပိုမိုအားကောင်းလာနေကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တစ်နေရာတည်းတွင် ရေဝပ်ခြင်းသာမကဘဲ မြေသားအတွင်း ရေပြည့်ဝလာခြင်းနှင့်အတူ တောင်ကျချောင်းရေစီးဆင်းခြင်း၊ မြေပြိုခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ကမ်းပါးပြိုကျခြင်း စသည့် သဘာဝဘေးအန္တရာယ်များပါ ဆက်လက်ဖြစ်ပေါ်လာနိုင်ခြေမြင့်မားနေသည်။
ထို့ကြောင့် မိုးကြီးမည့်ဒေသများအတွင်းရှိ စစ်ဘေးရှောင်စခန်းများ၊ မြေနိမ့်ပိုင်းနှင့်ရေဝင်လွယ်သောနေရာများတွင် နေထိုင်ကြသူများ အနေဖြင့် အန္တရာယ်အခြေအနေများကို ပေါ့ပေါ့ဆဆမထားရှိကြရန် အထူးသတိပေးထားသည်။
မိုးသည်းထန်လာစဉ် ရေစတင်ဝင်ရောက်လာခြင်း၊ တောင်စောင်းများတွင်မြေသားပြိုကျမည့် လက္ခဏာများတွေ့ရှိရခြင်း(သို့မဟုတ်)ချောင်းရေ ရုတ်တရက်မြင့်တက်လာခြင်းများရှိလာပါက အန္တရာယ်ရှိသည့်နေရာများမှ လုံခြုံရာသို့ကြိုတင်ရွှေ့ပြောင်းကြရန်လိုအပ်သည်။
ထို့အပြင်အရေးကြီးသည့် စာရွက်စာတမ်းများ၊ ဆေးဝါးများ၊ သောက်သုံးရေ၊ အစားအစာနှင့် အရေးပေါ် အသုံးအဆောင်ပစ္စည်းများကို ရေမဝင်နိုင်မည့်နေရာများတွင် ကြိုတင်သိမ်းဆည်း ထားရှိကြရန်၊ တောင်တန်းဒေသများတွင် မိုးရပ်သွားပြီးနောက်ပိုင်း၌လည်း မြေသားရေပြည့်ဝနေခြင်းကြောင့် မြေပြိုနိုင်ခြေဆက်ရှိနေသေးသဖြင့် တောင်စောင်း၊ ကမ်းပါးနှင့် ချောင်းစပ် နေရာများအနီးတွင် အထူးသတိပြုနေထိုင်ကြရန်တိုက်တွန်းထားသည်။
လာမည့်တစ်ပတ်အတွင်း မိုးလေဝသအခြေအနေများနှင့်ပတ်သက်၍ ကြိုတင်စဉ်းစားတွေးတောကာ သက်ဆိုင်ရာဒေသအလိုက်တာဝန်ရှိသူများ၏သတိပေးချက်များကို အမြဲမပြတ်စောင့်ကြည့်၍ အရေးပေါ်အခြေအနေများကြုံလာပါက အချိန်မီရှောင်ရှားနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြခြင်းဖြင့် မိမိနှင့်မိသားစု၏အသက်အန္တရာယ်ကို အကောင်းဆုံးကာကွယ်နိုင်မည်ဖြစ်သည်။
Photo - NUC



Comments