top of page
Logo-Icon.png

KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း တောင်သူလယ်သမားများ၏စည်းလုံးညီညွတ်မှုနှင့် အခွင့်အရေးများပိုမိုအားကောင်းလာစေရန်အတွက် "ကော်သူးလေ တောင်သူလယ်သမားများသမဂ္ဂ (KAWU)" ကို ဖွဲ့စည်း

ဘားအံ ၊ ဩဂုတ် ၃၁ ၊ Horizons



ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော ဒူးပလာယာခရိုင်အတွင်းရှိ တောင်သူလယ်သမားများ၏တရားဝင်ရပိုင်ခွင့်များ၊ လူမှုရေးတရားမျှတမှုများနှင့် စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းစဉ်များတွင် ပိုမိုတက်ကြွစွာပါဝင်လာကြရန်ရည်ရွယ်ချက်ဖြင့် ကော်သူးလေ တောင်သူလယ်သမားများသမဂ္ဂ (KAWU) ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း KNU ဗဟိုက ဩဂုတ်လ(၃၀ ရက်)တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။



အဆိုပါသမဂ္ဂသစ်ကို ဖွဲ့စည်းရခြင်းမှာ KNU ၏ ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာန၏ မူဝါဒများကိုအခြေခံကာ တောင်သူလယ်သမားအချင်းချင်းအကြား စည်းလုံးညီညွတ်မှုခိုင်မာလာစေရန်၊ မိမိတို့၏အခွင့်အရေးများကို ကိုယ်တိုင်ကာကွယ်မြှင့်တင်နိုင်ရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကိစ္စရပ်များတွင် တောင်သူများကိုယ်တိုင်ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိလာစေရန်အတွက် ဖြစ်ကြောင်းသိရသည်။


ယင်းမူဝါဒများကို လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ဒူးပလာယာခရိုင်အတွင်းရှိ သတ်မှတ်မြို့နယ်တစ်ခုအတွင်းပါဝင်ကြသော ကျေးရွာ(၆)ရွာအထိ (KAWU)အဖွဲ့ခွဲများကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဆက်လက်၍ ကျေးရွာအုပ်စုအဆင့် သမဂ္ဂအဖွဲ့အစည်းများကိုပါ အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရှိရသည်။


အဆိုပါ KAWU သမဂ္ဂများဖွဲ့စည်းရာတွင် ဗဟိုကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာန၊ ဒူးပလာယာခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာန နှင့် မြို့နယ်အဆင့် လယ်ယာနှင့်စိုက်ပျိုးရေးဌာနတို့မှတာဝန်ရှိသူများက အနီးကပ်ပူးပေါင်းကာ လမ်းညွှန်ကူညီဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။


သမဂ္ဂအဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခြင်းအားဖြင့် တောင်သူလယ်သမားများအနေဖြင့် နေ့စဉ် ကြုံတွေ့နေရကြရသည့် လယ်ယာမြေဆိုင်ရာလိုအပ်ချက်များ၊ အခက်အခဲများနှင့်တရားဝင် ရပိုင်ခွင့်ကိစ္စရပ်များကို တစ်ဦးချင်းတစ်ယောက်တည်းအနေဖြင့် ရင်ဆိုင်ဖြေရှင်းရခြင်းထက် အသင်းအဖွဲ့တစ်ရပ်အနေဖြင့်စုစည်းကာ ခိုင်မာစွာဖော်ထုတ်တောင်းဆိုနိုင်ရန်အတွက် ကြီးမားသောအထောက်အကူတစ်ရပ်ဖြစ်လာမည် ဖြစ်သည်။


KAWU အနေဖြင့် နောင်တွင်လည်း လွတ်လပ်ပြီးအမှီအခိုကင်းစွာဖြင့်ရပ်တည်ကာ ဒီမိုကရေစီနည်းကျကျ ပါဝင်ဆုံးဖြတ်နိုင်ရေးအတွက် သက်ဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း KNU ဗဟိုကဆိုသည်။


တောင်သူလယ်သမားများ၏အခွင့်အရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုသည်မှာ သီးသန့်လယ်ယာကဏ္ဍတစ်ခုတည်းသက်သက်မဟုတ်ဘဲ ဒေသခံပြည်သူတစ်ရပ်လုံး၏နေ့စဉ်စားဝတ်နေရေး အခြေအနေများနှင့် တိုက်ရိုက်အမြစ်တွယ်ဆက်စပ်နေသော ကိစ္စရပ်တစ်ရပ်လည်း ဖြစ်ပေသည်။


အထူးသဖြင့် လက်ရှိကာလများအထိ ပဋိပက္ခအကျပ်အတည်းများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောဒေသများတွင် လယ်ယာမြေလုပ်ကိုင်ခွင့်၊ အရည်အသွေးကောင်းမျိုးစေ့များ၊ စိုက်ပျိုးရေးသွင်းအားစုများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများနှင့် ဈေးကွက်သို့လွတ်လပ်စွာ လက်လှမ်းမီနိုင်ရေး စသည့် ပြဿနာပေါင်းစုံကို တောင်သူများအနေဖြင့် ပိုမိုဆိုးရွားစွာရင်ဆိုင်ကြရလေ့ရှိသည်။


ထို့ကြောင့် တောင်သူလယ်သမားကိုယ်တိုင်ဦးဆောင်စုစည်းကြပြီး မိမိတို့၏အခက်အခဲ လိုအပ်ချက်များနှင့်တရားမျှတမှုများကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖော်ပြောဆိုနိုင်မည့် အဖွဲ့အစည်းများပေါ်ထွန်းလာခြင်းသည် ဒေသတွင်းစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် အလွန်တရာအရေးပါလှသည့် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်လာပေလိမ့်မည်။


လယ်ယာကဏ္ဍတစ်ရပ် ခိုင်မာအင်အားကောင်းလာရန်အတွက် တောင်သူလယ်သမားများ၏စုစည်းထားသောအသံများ ခိုင်မာဖို့လိုအပ်သကဲ့သို့၊ KAWU ၏ လက်တွေ့ လုပ်ဆောင်ချက်များက တောင်သူများ၏စည်းလုံးညီညွတ်မှုနှင့်အခွင့်အရေးဖော်ထုတ်နိုင်စွမ်းကို မည်မျှအထိ အကျိုးသက်ရောက်မှုရှိလာစေမည်ကိုမူ ဆက်လက်စောင့်ကြည့်သွားကြရမည်ဖြစ်ပေသည်။


(Photo - KNU)


Comments


bottom of page