top of page
Logo-Icon.png

မဲဆောက်မြို့ရှိစက်သုံးဆီဆိုင်များတွင် မြန်မာမော်တော်ယာဉ်များ ဆီအမြောက်အများ ဖြည့်တင်းနေမှုအပေါ် ထိုင်းအာဏာပိုင်များ ကွင်းဆင်းစစ်ဆေး

မဲဆောက် ၊ ဩဂုတ် ၃၁ ၊ Horizons



ထိုင်း - မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်း၌ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာကြသည့် မော်တော်ယာဉ်အချို့က စက်သုံးဆီများကို ပမာဏအမြောက်အများထည့်သွင်းဝယ်ယူနေကြသည်ဟူသော ဒေသခံများ၏တိုင်ကြားဝေဖန်မှုများထွက်ပေါ်လာပြီးနောက် မဲဆောက်ခရိုင် အာဏာပိုင်များက စက်သုံးဆီဆိုင်များဆီသို့ ကွင်းဆင်းစစ်ဆေးမှုများ ချက်ချင်းပြုလုပ်ခဲ့ကြကြောင်း ထိုင်းမီဒီယာများကဖော်ပြသည်။


ဖြစ်စဉ်မှာ မြန်မာမော်တော်ယာဉ်အချို့သည် သာမန်မော်တော်ယာဉ်များကဲ့သို့မဟုတ်ဘဲ တစ်ကြိမ်လျှင် ဆီလီတာ(၁၀၀)ကျော်အထိ ဝင်ဆံ့နိုင်ရန်နှင့် သိုလှောင်နိုင်မှုပိုမိုများပြားစေရန်အတွက် မူလဆီတိုင်ကီအပြင် အခြားသောထပ်ဆောင်းဆီသိုလှောင်ကန်များကို ပြုပြင်တပ်ဆင်ထားကြပြီး မဲဆောက်မြို့ရှိဆီဆိုင်များတွင် ဆီများ အများအပြားလာရောက်ဝယ်ယူနေကြကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထိုင်းဒေသခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရေးသားခဲ့ကြခြင်းကြောင့်ဖြစ်သည်။


ထိုင်းသတင်းရင်းမြစ်များ၏ဖော်ပြချက်အရ အဆိုပါမြန်မာမော်တော်ယာဉ်အချို့သည် ဆီတစ်ကြိမ်ဖြည့်တင်းရာတွင် (၄,၀၀၀) မှ (၅,၀၀၀) ဘတ် ဝန်းကျင်အထိသုံးစွဲနေကြပြီး တစ်ရက်အတွင်းအကြိမ်ကြိမ်ပြန်လည်ဝင်ရောက်ကာ ဆီဖြည့်နေကြကြောင်း ဒေသတွင်းတိုင်ကြားချက်မျာ ထွက်ပေါ်ခဲ့သည်။


ယင်းကဲ့သို့ တိုင်ကြားမှုများရှိလာပြီးနောက် မဲဆောက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ တာ့ခ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေးဌာန (မဲဆောက်ခွဲ)၊ အကောက်ခွန် ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဒေသတွင်းဆီဆိုင်များကို ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ယာဉ်များ၏ ဆီတိုင်ကီများကို ဥပဒေနှင့်အညီပြုပြင်မွမ်းမံထားခြင်း ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။


စစ်ဆေးမှုများပြီးစီးသည့်နောက် မဲဆောက်အာဏာပိုင်များဘက်က ဆီဆိုင်ပိုင်ရှင်များအနေဖြင့် မြန်မာနိုင်ငံဘက်မှလာရောက်သည့် ယာဉ်တစ်စီးကို တစ်ကြိမ်ဆီဖြည့်ပေးရာတွင် (၁,၀၀၀) ဘတ် ထက်ပိုမိုမဖြည့်ပေးကြရန်တောင်းဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်ပေးရန်တိုက်တွန်းထားသည်။


ထိုင်းဒေသခံများ၏ဝေဖန်ချက်များတွင်မူ အဆိုပါမြန်မာယာဉ်များသည် မဲဆောက်မြို့ဘက်တွင် ဆီများ အမြောက်အများဝယ်ယူပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်သယ်ဆောင်ကာ ဈေးတင်ရောင်းချနေကြခြင်းဖြစ်သည်ဟုဆိုထားသော်လည်း အာဏာပိုင်များဘက်မှမူ ယာဉ်အားလုံးအပေါ် ယင်းကဲ့သို့မှောင်ခိုလုပ်ကိုင်နေသည်ဟု တရားဝင်အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။


မဲဆောက်နှင့် မြဝတီမြို့များသည် ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုအများဆုံးပြုလုပ်ရာ ဒေသများဖြစ်ကြသည်နှင့်အညီ နှစ်နိုင်ငံအကြား လောင်စာဆီ ဈေးနှုန်းကွာဟမှုများနှင့်နယ်စပ်ဖြတ်ကျော် ဆီသယ်ယူရောင်းချမှုပြဿနာများမှာ ဒေသတွင်း၌ အစဉ်တစိုက် အာရုံစိုက်ခံနေရသည့် ကိစ္စရပ်တစ်ခုဖြစ်ပေသည်။ယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် မဲဆောက်အာဏာပိုင်များအနေဖြင့် လောင်စာဆီဝယ်ယူမှုအခြေအနေများနှင့် ယာဉ်များ၏ဆီတိုင်ကီပြုပြင်မွမ်းမံမှုများကို နောင်တွင်လည်း ပိုမိုတင်းကျပ်စွာစောင့်ကြည့်စစ်ဆေးသွားရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရှိရသည်။


Photo - Thai Tribune


Recent Posts

See All

Comments


bottom of page