top of page
Logo-Icon.png

Midjourney မှ ၎င်း၏ ပထမဆုံး ဟာ့ဒ်ဝဲထုတ်ကုန်အဖြစ် 'Full-Body Ultrasonic Scanner' ကို တရားဝင်ကြေညာ

ဇွန် ၂၅ ၊ Horizons



စာသားမှတစ်ဆင့် ရုပ်ပုံများဖန်တီးပေးသည့် နာမည်ကျော် ဉာဏ်ရည်တု (AI) ကုမ္ပဏီ Midjourney သည် ၎င်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ဟာ့ဒ်ဝဲထုတ်ကုန်အဖြစ် လူတစ်ကိုယ်လုံးကို စကင်ဖတ်နိုင်မည့် "Full-body Ultrasonic Scanner" ကို တရားဝင် ကြေညာလိုက်ပြီး ဆေးဘက်ဆိုင်ရာ Medical Imaging နယ်ပယ်သို့ ဝင်ရောက်လာပြီဖြစ်သည်။


အဆိုပါ ထုတ်ကုန်အတွက် Midjourney သည် Butterfly Network ကုမ္ပဏီနှင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက လျှို့ဝှက်သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး Butterfly ၏ နာမည်ကြီး "Ultrasound-on-chip" နည်းပညာကို သီးသန့်အသုံးပြုခွင့် ရယူထားခဲ့သည်။ 


ယင်းသဘောတူညီချက်အရ Midjourney ဘက်မှ ကြိုတင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကို ချက်ချင်းပေးချေခဲ့ပြီး နှစ်စဉ် လိုင်စင်ကြေးအဖြစ် ဒေါ်လာ ၁၀ သန်း၊ သတ်မှတ်ချက် ပြည့်မီပါက နောက်ထပ် ဒေါ်လာ ၉ သန်းအထိ ထပ်မံပေးချေမည့်အပြင် ဟာ့ဒ်ဝဲရောင်းချရမှုမှ အမြတ်ငွေ ခွဲဝေပေးမည့် အစီအစဉ်များပါ သဘောတူထားကြောင်း သိရသည်။


မိတ်ဖက်ဖြစ်သော Butterfly Network သည် စမတ်ဖုန်းများနှင့် တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်သည့် လက်ကိုင် Ultrasound ကိရိယာများကို အဓိကထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ဝင်ငွေ ဒေါ်လာ ၂၁ ဒသမ ၅ သန်းအထိ ရရှိကာ ဈေးကွက်ခန့်မှန်းချက်များကို ကျော်လွန်ထားခဲ့သည်။ 


ထို့အပြင် Ultrasound ရိုက်ကူးမှုကို AI ဖြင့် ပိုမိုချောမွေ့စေမည့် "Compass AI" စနစ်ကိုလည်း မကြာသေးမီက မိတ်ဆက်ထားသည်။


Midjourney အနေဖြင့် ယခုကဲ့သို့ ကြီးမားသည့် ဟာ့ဒ်ဝဲပရောဂျက်ကို အကောင်အထည်ဖော်ရန် Apple ၏ Vision Pro ပရောဂျက်တွင် ပါဝင်ခဲ့သူ Ahmad Abbas အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက Head of Hardware အဖြစ် ခေါ်ယူခန့်အပ်ကာ အချိန်ယူ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်၌ အဆိုပါ Scanner အပြင် နောက်ထပ် ဟာ့ဒ်ဝဲပရောဂျက် ၄ ခုနှင့် ဆော့ဖ်ဝဲပရောဂျက် ၄ ခုတို့ကိုလည်း အမည်ဝှက် (TBA) ဖြင့် ဆက်လက်ကြေညာထားရာ နည်းပညာလောကအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း သိရှိရသည်။


Comments


bottom of page