top of page
Logo-Icon.png

ဂျမေကာ ပြေးခုန်ပစ် အားကစားသမား အူစိန်ဘော့၏ စံချိန်ကို ကျော်လွန်၍ တရုတ် လူပုံစံတူစက်ရုပ် ၁၀၀ မီတာ တာတိုပြေးပွဲတွင် စံချိန်သစ်တင်

Aug 23
1 min read

ဩဂုတ်လ ၂၃ ရက်၊ Horizons



တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ကမ္ဘာ့စက်ရုပ် အားကစားပြိုင်ပွဲတွင် တရုတ် လူပုံစံတူ စက်ရုပ်တစ်ရုပ်သည် မီတာ ၁၀၀ တာတိုပြေးပွဲ၌ ၉.၃၉ စက္ကန့်ဖြင့် စံချိန်တင် အနိုင်ရရှိခဲ့ကြောင်း သိရ သည်။


အဆိုပါပြိုင်ပွဲ၌ ပေကျင်း လူပုံစံတူစက်ရုပ် ဆန်းသစ်တီထွင်မှု ဗဟိုဌာနက တီထွင်ထားသည့် "Tiangong Ultra" စက်ရုပ်သည် ပဏာမ စကာတင်ပွဲစဉ်တွင် ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


ယင်းစံချိန်သည် ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် စံချိန်တင်ထားသည့် ဂျမေကာ ပြေးခုန်ပစ် စတား အူစိန်ဘော့၏ ၉.၅၈ စက္ကန့် စံချိန်ထက် ပိုမိုမြန်ဆန်ခဲ့ခြင်းလည်း ဖြစ်သည်။


ပြိုင်ပွဲအတွင်း Tiangong Ultra သည် စတင်ထွက်ခွာချိန်တွင် နောက်ကျကျန်ခဲ့သော်လည်း ပန်း ဝင်ခါနီးတွင် Honor ကုမ္ပဏီထုတ် "Lightning" စက်ရုပ်ကို ကျော်တက်၍ ပထမ ရရှိခဲ့သည်။


ဒုတိယရရှိခဲ့သည့် Lightning စက်ရုပ်သည်လည်း ၉.၄၇ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သဖြင့် အူစိန်ဘော့၏ စံချိန်ထက် ပိုမိုမြန်ဆန်ခဲ့ကြောင်း တွေ့ရှိရသည်။


ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြိုင်ပွဲတွင် Tiangong Ultra သည် ၂၁.၅၀ စက္ကန့် ဖြင့်သာ အနိုင်ရရှိခဲ့သဖြင့် ယခုနှစ်တွင် နည်းပညာ သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။


တရုတ်အစိုးရသည် လူပုံစံတူစက်ရုပ် ထုတ်လုပ်ရေး နည်းပညာကို အနာဂတ် မဟာဗျူဟာ မြောက် စက်မှုလုပ်ငန်းတစ်ခုအဖြစ် အလေးပေး မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။


ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်သုံးပစ္စည်း ကဏ္ဍများတွင် AI နှင့် စက်ရုပ်နည်းပ ညာများ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြသည်။


ယခုနှစ် ကျင်းပသည့် ကမ္ဘာ့စက်ရုပ် အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အသင်းပေါင်း ၆၆၆ သင်းနှင့် စက်ရုပ်ပေါင်း ၂,၀၅၆ ရုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။


အဆိုပါပြိုင်ပွဲကို ပေကျင်းမြို့ရှိ National Speed Skating Oval အားကစားကွင်း၌ ကျင်းပလျက် ရှိပြီး ဗုဒ္ဓဟူးနေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။


Comments


bottom of page