top of page
Logo-Icon.png

NCAကိုအသုံးချပြီး တရားဝင်မှုရရေးနှင့်တော်လှန်ရေးတပ်များကိုသွေးခွဲရေး မင်းအောင်လှိုင်ကြိုးပမ်းနေဟု NMSP-ADပြော

13 hours ago
1 min read

အောက်တိုဘာ ၁၆ ၊ Horizons



အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကိုအသုံးချကာ နိုင်ငံတကာနှင့်ပြည်သူလူထုထံတရားဝင်မှုရရှိရေး၊တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား သွေးခွဲရေးတို့ကိုကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံနိုင်ဗညားမွန်ကပြောကြားသည်။


ယမန်နေ့အောက်တိုဘာ(၁၅)ရက်တွင်ကျရောက်သည့် NCAလက်မှတ်ရေးထိုးမှု(၁၁)နှစ်ပြည့်အခမ်းအနား၌ မင်းအောင်လှိုင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို NCAအခြေခံသည့် ဆွေးနွေးပွဲများတွင်ပါဝင်ရန်ဖိတ်ခေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ဗညားမွန်ကယင်းဖိတ်ခေါ်မှုသည် စစ်ကောင်စီအတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိစေရန်ရည်ရွယ်သည့်နည်းလမ်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။


နိုင်ဗညားမွန်၏ပြောကြားချက်အရ NCAကိုအခြေခံသည့်နိုင်ငံရေးဆွေးနွေးမှုများသည် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်လည်ဝင်ရောက်သည့်လမ်းကြောင်းဖြစ်ပြီး NCAမှတစ်ဆင့်ရရှိလာသည့်သဘောတူညီချက်များကိုလည်း အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ လွှတ်တော်တွင် အတည်ပြုရန်သတ်မှတ်ထားသည်။


ထို့ကြောင့်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ယင်းလမ်းကြောင်းအတိုင်းဆွေးနွေးမှုများပြုလုပ်ပါက (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံရာရောက်နိုင်သကဲ့သို့ အာဏာသိမ်းစစ်ကောင်စီကိုတရားဝင်အာဏာပိုင်အဖြစ်အသိအမှတ်ပြုသကဲ့သို့ဖြစ်သွားနိုင်ကြောင်း ၎င်းကဆိုသည်။


“အခုတစ်ဖွဲ့ချင်းအလိုက် သူပြောတဲ့အတိုင်းဝင်ဆွေးနွေးလိုက်ရင် ကိုယ်အချင်းချင်းအကြားကွဲသွားမယ်”ဟု နိုင်ဗညားမွန်ကပြောကြားခဲ့သည်။တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အဖွဲ့တစ်ဖွဲ့ချင်းစီသီးခြားဆွေးနွေးမှုများပြုလုပ်လာပါက အဖွဲ့အစည်းများအကြားစည်းလုံးညီညွတ်မှုကိုထိခိုက်စေနိုင်ပြီး စစ်ကောင်စီ၏သွေးခွဲရေးရည်ရွယ်ချက်ကိုအထောက်အကူပြုနိုင်ကြောင်း ၎င်း၏ပြောကြားချက်အရသိရသည်။


NMSP-ADခေါင်းဆောင်များသည် မူလကNCAလက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည်။စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကိုလက်မခံသည့်ခေါင်းဆောင်များက NMSP-ADအဖြစ်သီးခြားစုဖွဲ့ကာ အာဏာသိမ်းစစ်တပ်ကိုတော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။


အလားတူကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း အာဏာသိမ်းစစ်ကောင်စီသည်NCA၏အခြေခံမူများကိုချိုးဖောက်ဖျက်ဆီးခဲ့သဖြင့် NCAသည်အဓိပ္ပာယ်မရှိတော့ကြောင်းပြောကြားထားသည်။


KNUအထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမူးက NCAအခန်း(၁)ပါအခြေခံမူများသည် စာချုပ်တစ်ခုလုံး၏အဓိကအနှစ်သာရဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာများကိုစစ်ရေးဖြင့်မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် သတ်မှတ်ထားသည့်အဆိုပါမူများကို စစ်တပ်ကချိုးဖောက်ခဲ့ကြောင်းထောက်ပြထားသည်။


NCAအခန်း(၁)တွင်နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသည့် ယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ကာ လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်ရေးကို အခြေခံမူအဖြစ်ဖော်ပြထားသည်။


သို့သော်ပြီးခဲ့သည့်(၂၀၂၁)ခုနှစ်စစ်တပ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲစစ်ရေးတိုက်ခိုက်မှုများကြောင့် NCA၏အဓိပ္ပာယ်နှင့်အကောင်အထည်ဖော်နိုင်မှုအပေါ် တော်လှန်ရေးအဖွဲ့အစည်းများ၏ကန့်ကွက်မှုများဆက်လက်ရှိနေသည်။


Photo - NMSP-AD


Comments


bottom of page