ရေဘေး၊တောင်ပြိုဘေးကြုံနေချိန်တနင်္သာရီတိုင်းတွင် လူငယ်(၆၀)ထက်မနည်းအဓမ္မစစ်မှုထမ်းစုဆောင်းခံရ
တနင်္သာရီ ၊ အောက်တိုဘာ ၁၆ ၊ Horizons


ရေကြီးရေလျှံမှုနှင့်တောင်ပြိုမှုများကြောင့် ဒေသခံများဘေးဒုက္ခကြုံနေရသည့်ပြီးခဲ့သည့်စက်တင်ဘာလနှောင်းပိုင်းနှင့်အောက်တိုဘာလဆန်းတွင် တနင်္သာရီတိုင်း၌လူငယ်အမျိုးသား(၆၀)ဦးထက်မနည်းအဓမ္မစစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။
ယင်းလူငယ်များသည်မိမိဆန္ဒအလျောက် စစ်မှုထမ်းရန်ဝင်ရောက်ခဲ့သူများမဟုတ်ဘဲ စစ်မှုထမ်းရန်မဲနှိုက်ရွေးချယ်ခံရခြင်းနှင့် အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရခြင်းတို့ကြောင့် စစ်မှုထမ်းသင်တန်းသို့ရောက်ရှိသွားသူများဖြစ်ကြောင်း ဒေသတွင်းဖြစ်စဉ်များကဖော်ပြနေသည်။
ပြီးခဲ့သည့်အောက်တိုဘာလ(၁၂)ရက်တွင် စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲကို ပလောက်မြို့ရှိအမှတ်(၁၂)တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ပြုလုပ်ခဲ့သည်။စစ်ကောင်စီထုတ်ပြန်သည့်သင်တန်းဖွင့်ပွဲဓာတ်ပုံမှတ်တမ်းများအရ တနင်္သာရီတိုင်းမှလူငယ်(၆၀)ခန့်ကိုယခုအပတ်စဉ်အတွက် စစ်မှုထမ်းသင်တန်းသားများအဖြစ် စုဆောင်းထားသည်ကိုတွေ့ရသည်။
အဓမ္မစစ်မှုထမ်းစုဆောင်းမှုသည် သင်တန်းဖွင့်ပွဲများတွင်တွေ့ရသည့်အရေအတွက်တစ်ခုတည်းဖြင့်သာ ပေါ်လွင်နေခြင်းမဟုတ်ပေ။ပြီးခဲ့သည့်စက်တင်ဘာလ(၂၈)ရက်က ထားဝယ်မြို့ရေကြီးနေချိန်တွင်မြို့ခံလူငယ်တစ်ဦးနှင့်အောက်တိုဘာလ(၂)ရက်တွင် ရေဘေးသင့်လောင်းလုံးမြို့နယ်၊မင်းရပ်ရွာသားတစ်ဦးတို့ကို ထားဝယ်မြို့ပေါ်၌အဓမ္မစစ်မှုထမ်းစုဆောင်းခဲ့ကြောင်းသိရသည်။ရေဘေးကြောင့် နေအိမ်နှင့်စားဝတ်နေရေးအခက်အခဲများကိုရင်ဆိုင်နေရချိန်တွင်ပင် လူငယ်များစစ်မှုထမ်းစုဆောင်းခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီ၏မှတ်တမ်းများအရတနင်္သာရီတိုင်းတွင် စစ်မှုထမ်းအပတ်စဉ်(၂၄)အတွက်ဧပြီလ၌ လူငယ်(၁၂၀)၊အပတ်စဉ်(၂၅)အတွက်မေလ၌(၁၆၀)ကျော်၊အပတ်စဉ်(၂၆)အတွက်ဇွန်လ၌(၂၀၀)၊အပတ်စဉ်(၂၇)အတွက်ဇူလိုင်လ၌(၁၄၀)ကျော်နှင့် အပတ်စဉ်(၂၈)အတွက်ဩဂုတ်လ၌(၁၂၀)ကျော်စုဆောင်းခံခဲ့ရသည်။ယခုအပတ်စဉ်(၂၉)တွင်စုဆောင်းခံရသူအရေအတွက်သည် ယခုဖော်ပြထားသည့်အပတ်စဉ်များအနက်အနည်းဆုံးဖြစ်သော်လည်း ခြောက်လတာအတွင်းစုဆောင်းခံရသူစုစုပေါင်းမှာ လူငယ်(၈၀၀)ဝန်းကျင်ရှိနေသည်။
တနင်္သာရီတိုင်းတွင်စစ်မှုထမ်းသင်တန်းများကို ပလောက်မြို့ရှိအမှတ်(၁၂)တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ကျွန်းစုမြို့နယ်ရှိအမှတ်(၅၇)ရေတပ်လေ့ကျင့်ရေးတပ်တို့၌အလှည့်ကျဖွင့်လှစ်နေသည်။ထို့ပြင်ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊သဲချောင်းကျေးရွာအုပ်စု၊ကင်းတောင်ရွာရှိ အမှတ်(၂)ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင်လည်း စစ်မှုထမ်းမွမ်းမံသင်တန်းများဖွင့်လှစ်နေကြောင်းသတင်းရရှိပါသည်။




Comments