မိသားစုလွှဲငွေအထောက်အထားမပြနိုင်သည့် ခွင့်ပြန်လုပ်သား(၃၆၄)ဦး ပြည်ပပြန်ထွက်ခွင့်ပယ်ချခံရ
အောက်တိုဘာ ၁၆ ၊ Horizons

ပြည်ပမှခွင့်ဖြင့်မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား(၃၆၄)ဦးသည် မိသားစုထံငွေလွှဲပို့ထားမှုနှင့်အခွန်ပေးဆောင်ထားမှု အထောက်အထားများမပြနိုင်ခြင်းကြောင့် ပြည်ပသို့ပြန်လည်ထွက်ခွာခွင့်ပယ်ချခံထားရကြောင်း အလုပ်သမားဝန်ကြီးဌာန၏Safe Migration Telegramမှထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်စက်တင်ဘာလ(၁၈)ရက်မှ ယမန်နေ့အောက်တိုဘာ(၁၅)ရက်အထိ မိသားစုလွှဲပို့ငွေနှင့်အခွန်ပေးဆောင်ထားသည့် အထောက်အထားမတင်ပြနိုင်သောခွင့်ပြန်လုပ်သား(၃၆၄)ဦးရှိကြောင်းသိရသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနသည် PJနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပမှခွင့်ဖြင့်ပြန်လာသည့်လုပ်သားများအနေဖြင့် ပြည်ပသို့ပြန်လည်ထွက်ခွာလိုပါက မိသားစုထံလွှဲပို့ငွေ(၂၅)ရာခိုင်နှုန်းနှင့် အခွန်(၂)ရာခိုင်နှုန်းပေးဆောင်ထားကြောင်း အထောက်အထားများတင်ပြရမည်ဟု ပြီးခဲ့သည့်စက်တင်ဘာလ(၁၈)ရက်တွင်ထုတ်ပြန်ခဲ့သည်။
အဆိုပါသတ်မှတ်ချက်အရ ပြီးခဲ့သည့်(၂၀၂၄)ခုနှစ်ဩဂုတ်လ(၂၈)ရက်မှစတင်၍ ငွေလွှဲပို့မှုနှင့်အခွန်ပေးဆောင်မှုဆိုင်ရာအထောက်အထားများပြသရမည်ဖြစ်ပြီး (၂၀၂၄)ခုနှစ်ဩဂုတ်လနောက်ပိုင်းမှပြည်ပသို့ ရောက်ရှိသူများမှာ မိမိတို့စတင်ရောက်ရှိသည့်လမှစ၍ လအလိုက်ပေးဆောင်ထားမှုကို ပြသရမည်ဖြစ်ကြောင်းသိရသည်။
ပြည်ပသို့ပြန်လည်ထွက်ခွာခွင့်အတွက်လုပ်သားအချို့သည် မိသားစုထံငွေလွှဲထားသော်လည်းသတ်မှတ်ထားသည့်လအလိုက် အထောက်အထားမပြနိုင်ခြင်းနှင့်နှစ်နှစ်ကျော်စာအထိငွေလွှဲမှတ်တမ်းများ ပြန်လည်တင်ပြရခြင်းတို့ကြောင့် ငွေကြေးအခက်အခဲများကြုံတွေ့နေရသည်။ထို့ပြင်ငွေလွှဲရာတွင် သတ်မှတ်သည့်ငွေလဲနှုန်းမှာပြင်ပဈေးကွက်ပေါက်ဈေးထက်နိမ့်နေခြင်းကြောင့် လုပ်သားများအနေဖြင့်ပြည်ပပြန်ထွက်ခွင့်ရရန်ကုန်ကျစရိတ်ပိုမိုများပြားပြီး နစ်နာမှုများရှိနေကြောင်းသိရသည်။
အထောက်အထားများပြန်လည်ဖြည့်စွက်တင်ပြရခြင်းကြောင့် ပြည်ပသို့ပြန်လည်ထွက်ခွာရေးအချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီးသတ်မှတ်ချိန်အမီလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးကိုပါထိခိုက်စေကြောင်း ခွင့်ပြန်လုပ်သားများကပြောသည်။ယင်းအခြေအနေသည် အလုပ်အကိုင်တည်မြဲရေးအတွက်ပါ စိန်ခေါ်မှုများဖြစ်လာစေကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနသည်ခွင့်ပြန်လုပ်သားများအပေါ်သာမက ပြည်ပတွင်တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှမိသားစုလွှဲပို့ငွေအထောက်အထားများကိုလည်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် တောင်းခံနေကြောင်းသိရသည်။လုပ်သားများ၏ငွေလွှဲအထောက်အထားများတင်ပြပေးရန် ပျက်ကွက်သည့်အေဂျင်စီများကိုလည်းအရေးယူမှုများပြုလုပ်နေကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။
Photo - Social Media




Comments