top of page
Logo-Icon.png

ကြာအင်းဆိပ်ကြီး ပုလိန်ရွာတိုက်ပွဲတွင်စစ်ကောင်စီစစ်ကြောင်း အထိနာ၍ဆုတ်ခွာ၊အရပ်သား၃ ဦးသေဆုံးပြီးလေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့်ဒေသခံများနေရပ်မပြန်နိုင်သေး

13 hours ago
1 min read

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၅ ၊ Horizons



ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၆)ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ပုလိန်ကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များအကြား ဖြစ်ပွားခဲ့သည့်ရက်ဆက်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့်စစ်ကောင်စီ၏ပစ်ခတ်မှုများကြောင့် ဒေသခံနှင့်ခရီးသွားပြည်သူ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းမြေပြင်သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှသိရသည်။



အဆိုပါတိုက်ပွဲသည်ပြီးခဲ့သည့်အောက်တိုဘာ၁၂ ရက်ညနေပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီးမွန်ပြည်နယ်၊မုဒုံမြို့နယ်အခြေစိုက်အဘစ်အမြှောက်တပ်ရင်းဘက်မှတစ်ဆင့်စစ်သည်အင်အား၂၀၀ ခန့်၊လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်လာသည့်မော်တော်ယာဉ်အစီးရေ ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည်ကြာအင်းဆိပ်ကြီးမြို့နယ်၊ခလယ်-တံခွန်တိုင်ဘက်သို့တပ်အပြောင်းအလဲနှင့်စစ်အင်အားဖြည့်တင်းရန်ထိုးဖောက်ဝင်ရောက်လာခဲ့ရာမှပုလိန်ကျေးရွာအနီးအရောက်တွင်KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလမ်းပိုင်းမှကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရသည်။



အောက်တိုဘာ၁၃ ရက်နှင့်၁၄ ရက်နေ့အထိနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများအပြင်းအထန်ဖြစ်ပွားခဲ့ကာ၊တော်လှန်ရေးပူးပေါင်းတပ်များ၏ အနီးကပ်ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့သို့ဆက်လက်ချီတက်နိုင်ခြင်းမရှိဘဲပိတ်မိနေခဲ့ကြောင်း၊ထို့နောက် စစ်ကောင်စီတပ်သည်မြေပြင်တွင်အထိနာပြီးလမ်းကြောင်းပိတ်ဆို့ခံရသဖြင့် ပုလိန်ကျေးရွာအတွင်းမှပြန်လည်ဆုတ်ခွာကာအနီးနားရှိဇီးဖြူကုန်းတပ်စခန်းဘက်သို့ပြန်လည်ခိုအောင်းသွားခြင်းဖြစ်ကြောင်းနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကစစ်ကောင်စီဘက်မှထိခိုက်ကျဆုံးမှု အသေးစိတ်အတည်ပြုချက်စာရင်းကိုတရားဝင်ထုတ်ပြန်လာခြင်းမရှိသေးကြောင်းသိရှိရသည်။


စစ်ကြောင်းရှေ့မတိုးနိုင်ဘဲပိတ်မိနေချိန်တွင်စစ်ကောင်စီသည် မုဒုံအခြေစိုက်အဘစ်အမြှောက်တပ်ရင်းမှနေ၍ပုလိန်ကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသများသို့လက်နက်ကြီးများဖြင့်ဆက်တိုက်ရမ်းသန်းပစ်ကူပေးခဲ့သည့်အပြင်တိုက်လေယာဉ်များဖြင့်လည်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊တိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့်သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့်ပုလိန်ရွာမှ ဆိုင်ကယ်စီးလာသည့်ဒေသခံလူငယ်၁ ဦးအပါအဝင်လမ်းဘေးတွင်ကားရပ်နားထားရသည့်ခရီးသွားပြည်သူ၂ ဦး၊စုစုပေါင်းအရပ်သား ၃ ဦး သေဆုံးခဲ့ရကာလမ်းသွားလမ်းလာနှင့်ခရီးသည်တချို့ကိုလည်းစစ်ကောင်စီကနေအိမ်တစ်နေရာတွင်ယာယီဖမ်းဆီးထိန်းသိမ်းမှုများ လူသားဒိုင်းသဖွယ်ပြုလုပ်ခဲ့ကြောင်းသိရသည်။


တိုက်ပွဲဖြစ်ပွားမှုကြောင့်မုဒုံ-အဘစ်-ပုလိန်-တံခွန်တိုင်-ဘုရားသုံးဆူကားလမ်းမကြီးကိုဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားခဲ့ရပြီးဘုရားသုံးဆူနယ်စပ်ဘက်သို့ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်များနှင့်ကုန်တင်ယာဉ်ရာနှင့်ချီ နီးစပ်ရာကျေးရွာများတွင်သောင်တင်ပိတ်မိနေဆဲဖြစ်ကာ၊ လက်ရှိတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များပုလိန်ကျေးရွာအတွင်းမှဇီးဖြူကုန်းစခန်းဘက်သို့ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်းလူနေအိမ်ဝန်းကျင်နှင့်လမ်းတစ်လျှောက်၌မိုင်းထောင်ထားခဲ့နိုင်သည့်အန္တရာယ်ကြီးမားခြင်း၊ဇီးဖြူကုန်းစခန်းကုန်းဘက်မှလက်နက်ကြီးများထပ်မံရမ်းသန်းပစ်ခတ်နိုင်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များရှိနေသေးသောကြောင့်စစ်ဘေးရှောင်ပြည်သူများအနေဖြင့်ရွာအတွင်းသို့ အလျင်စလိုပြန်လည်ဝင်ရောက်ခြင်းမပြုကြဘဲတော်လှန်ရေးတပ်ဖွဲ့များဘက်မှနယ်မြေရှင်းလင်းရေးအတည်ပြုချက်ရရှိမှသာနေရပ်ပြန်ကြရန် အထူးသတိပေးထားကြောင်းသိရှိရသည်။



Comments


bottom of page