စစ်အာဏာသိမ်းမှုကြောင့် NCAအကောင်အထည်ဖော်မှုရပ်တန့်ခဲ့ပြီးယုံကြည်မှုလျော့ကျခဲ့ဟု RCSSအတွင်းရေးမှူးပြော
အောက်တိုဘာ ၁၅ ၊ Horizons

စစ်တပ်၏အာဏာသိမ်းမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လုပ်ငန်းစဉ်များရပ်တန့်သွားခဲ့ပြီး ဒေသခံပြည်သူများ၏ယုံကြည်ကိုးစားမှုလည်းလျော့နည်းကျဆင်းခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး(၁)ဗိုလ်မှူးကြီးစိုင်းငင်းကပြောကြားသည်။
ယနေ့အောက်တိုဘာ(၁၅)ရက်တွင်ကျရောက်သည့် NCAစာချုပ်ချုပ်ဆိုခြင်း(၁၁)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်မိန့်ခွန်းတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်(၂၀၂၁)ခုနှစ်၊ဖေဖော်ဝါရီ(၁)ရက်တွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် NCAအကောင်အထည်ဖော်ရေးလုပ်ငန်းများရပ်တန့်သွားခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအစုအဖွဲ့အလိုက် စုပေါင်းဆွေးနွေးသည့်ပုံစံဖြင့်ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီအလိုက်ဆွေးနွေးညှိနှိုင်းရသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့ကြောင်း၎င်းကဆိုသည်။

NCAသက်တမ်း(၁၁)နှစ်အတွင်းပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံကို(၄)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)အစိတ်အပိုင်း(၁)၊(၂)၊(၃)တို့ကိုလည်းချုပ်ဆိုနိုင်ခဲ့သော်လည်း ယနေ့အထိလက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းကထောက်ပြသည်။
ထို့ပြင်အပစ်အခတ်ရပ်စဲရေးကိုစောင့်ကြည့်ရန် ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားသော်လည်း စောင့်ကြည့်ရေးလုပ်ငန်းများကိုတိတိကျကျ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း၎င်းကပြောသည်။
“ငြိမ်းချမ်းရေးအသီးအပွင့်တွေမစံစားရ၊မခံစားရလို့ ဒေသခံလူထုတွေအနေနဲ့(၁၁)နှစ်သားNCAစာချုပ်အပေါ် ယုံကြည်ကိုးစားမှုတွေလျော့နည်းကျဆင်းခဲ့ပါတယ်”ဟု ဗိုလ်မှူးကြီးစိုင်းငင်းကပြောကြားသည်။ဆွေးနွေးဖက်အချင်းချင်းကြားယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိမှုကြောင့် NCAအကောင်အထည်ဖော်ရေးလုပ်ငန်းများတွင် နှောင့်နှေးမှု၊အတားအဆီးနှင့်အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး မျှော်မှန်းထားသည့် ပန်းတိုင်သို့မရောက်ရှိနိုင်ခဲ့ကြောင်းလည်း၎င်းကဆိုသည်။
ထို့အပြင်(၁၉၄၇)ခုနှစ်ပင်လုံသဘောတူညီချက်နှင့်ကတိကဝတ်များကို လျစ်လျူရှုဖယ်ကြဉ်ခဲ့ခြင်းကြောင့် ကချင်၊ချင်း၊သျှမ်းတောင်တန်းဒေသများနှင့်ပြည်မခေါင်းဆောင်များအကြား ယုံကြည်မှုပျက်စီးခဲ့သည့်သမိုင်းကြောင်းကို သတိပြုရန်လိုကြောင်း၎င်းကတိုက်တွန်းသည်။
လက်ရှိနိုင်ငံရေးအခြေအနေတွင် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆန္ဒနှင့်ရှင်းလင်းတိကျသောမူဝါဒရှိရေး၊တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုကိုအခြေခံရေး၊လူထုနှင့် သက်ဆိုင်သူအားလုံးပါဝင်ခွင့်ရရေး၊နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သတင်းမီဒီယာတို့၏အခန်းကဏ္ဍကိုအားဖြည့်ရေးတို့လိုအပ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းကတိုက်တွန်းထားသည်။
NCAစာချုပ်ကိုပြီးခဲ့သည့်(၂၀၁၅)ခုနှစ်၊အောက်တိုဘာ(၁၅)ရက်တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်(၁၁)နှစ်ပြည့်မြောက်ခဲ့သည်။
Photo - Tai Freedom - Burmese Version




Comments